ကနီမြို့နယ်၌ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကြံ့ခိုင်ရေးပါတီဝန်းရံသူ ၁ ဦး တရားစွဲခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ  ဘာသာရေး၊ လူမျိုးရေး အမုန်းတရားတွေပြန့်ပွားအောင် အသံချဲ့စက်နဲ့ဖွင့်ခဲ့တဲ့  ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ကြံ့ခိုင်ရေးပါတီ ဝန်းရံသူ ၁ ဦးကို  မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူက  တရားစွဲဆိုလိုက်ပါတယ်။     ကနီမြို့နယ် နဘူးစွပ်ကျေးရွာနေ  ဦးဇော်ဝင်းကို  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့  ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ နိုဝင်ဘာ ၃ ရက်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာလို့ ကနီမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးမှူး ဦးသိုက်စိုးထွန်းက‌ ပြောပါတယ်။ ရွေးကောက်ပွဲကာလမှာ ဘာသာရေး၊ လူမျိုးရေး စတဲ့ အမုန်းတရားတွေပြန့်ပွားအောင် အသံချဲ့စက်နဲ့ စက်တင်ဘာ ၂၈ ရက် ညနေမှာ ဖွင့်ပြီးနောက်ရက်မှာ သက်သေတွေနဲ့တကွ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို တင်ပြလာတဲ့အတွက် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြပြီး သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ အခုလို တရားစွဲတာဖြစ်တယ်လို့ ကနီမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။  တရားစွဲဆိုခံရတဲ့ ဦးဇော်ဝင်းဟာ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူအိမ်ရှေ့မှာလည်း ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်ထားတာလည်း တွေ့ရပါတယ်။ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအုန်းမြင့်က “ကျနော်တို့ကော်မရှင် အနေနဲ့ လက်ရှိ တရားစွဲခံရတဲ့ ဦးဇော်ဝင်းကို သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲလို ပြုလုပ်ခဲ့တဲ့အပေါ် ဦးဇော်ဝင်းအနေနဲ့ ကော်မရှင်မှာဆက်ပြီးတာဝန်ထမ်းမှာလား။ ပါတီမှာ ဆက်ပြီး တာဝန်ထမ်းမှာလားလို့ မေးမြန်းခဲ့ပါတယ်။ ဦးဇော်ဝင်းအနေနဲ့ ကော်မရှင်မှာ တာဝန်ဆက်လက် ထမ်းဆောင်ခြင်း မပြုတော့ဘဲ သူဆန္ဒအလျှောက် နုတ်ထွက်သွားပါတယ်” လို့ ပြောပါတယ်။ ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းကတော့  “ကျနော်တို့ ပါတီဝင်တော့ မဟုတ်ဘူး။ ပါတီကိုဝန်းရံသူ ဖြစ်တယ်။ သို့ပေမဲ့ တရားစွဲခံရတဲ့ သူကို ပါတီအနေနဲ့ တက်နိုင်တဲ့ဘက်ကနေကူညီပေးသွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ကနီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးအတွင်းရေးမှူး ဦးပြည့်အောင်နိုင်ကတော့  “ကျနော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲကို ပျက်ပြားစေမယ့်အရာတွေကို တရားစွဲဆိုသွားမယ်။ ညှိနှိုင်းလို့ရတဲ့ဟာဆို ညှိနှိုင်းသွားမယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကနီမြို့နယ်အနေနဲ့ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး စတဲ့နေရာ အားလုံး ကို ရှုံးနိမ့်ထားတာဖြစ်ပြီး   အန်အယ်လ်ဒီ ပါတီက လွှတ်တော်နေရာအားလုံးကို အနိုင်ရရှိခဲ့တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ၁၂၅ နေရာစလုံးပြိုင်မယ့်ပါတီအနေနဲ့ နိုင်ငံရေးပါတီ ၄ ခု ရှိခဲ့ပြီး နှင်းဆီပါတီ ဖျက်သိမ်းတာကြောင့် ပါတီ ၃ ခုပဲ ကျန်တော့တာပါ။ ပါတီကြီးနှစ်ခုရဲ့ အားပြိုင်မှုတွေကြောင့် နိုင်ငံရေးအခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာမှာကိုလည်း ပြည်သူတွေအကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။  သတင်း - ကျော်မင်းသန့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up