တိုင်းရင်းသားညီလာခံတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေး
DVB
·
July 31, 2013
မြန်မာနိုင်ငံက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ်ထု ၁၀၀ ကျော်တက်ရောက်တဲ့ တိုင်းရင်းသားညီလာခံကို ထိုင်းနိုင်ငံ တနေရာမှာ ကျင်းနေပြီး ဒီကနေ့ တတိယမြောက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒတွေကို ပြင်ဆင်ဖို့ ပုဒ်မ တခုပြင်ရင် နောက်ပုဒ်မတခုနဲ့ ညှိတဲ့အတွက် ပြင်ဆင်ဖို့ ခက်ခဲကြောင်း၊ ဒါကြောင့် လက်ရှိရှိနေတဲ့ ဖက်ဒရယ် အခြေခံ ဥပေဒမူကြမ်းကို အချောကိုင် ရေးဆွဲအသုံးပြုဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးတက်ရောက် တဲ့ အမည်မဖော်လိုသူ လူငယ်တဦးက ပြောပါတယ်။
မနေ့တုန်းကလည်း ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ထားရှိရေးအတွက် မူဘောင်အတွက် အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးရဲ့ ပထမနေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးချက်တွေကို မနက်ဖြန် အဆုံးသတ်နိုင်ရေး ဆက်လက်ဆွေးနွေး ဆုံးဖြတ်မယ်လို့လည်း သူက ပြောပါတယ်။
တပြည်လုံး အတိုင်းအတာဆောင်တဲ့ တိုင်းရင်းသားညီလာခံကို ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၁ ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး ဆွေးနွေး ပွဲရလဒ်တွေကိုတော့ ညီလာခံနောက်ဆုံးနေ့မှ ထုတ်ပြန်ကြေညာမယ်လို့ အစည်းအဝေးမှာ ပါဝင် တက်ရောက်သူတွေက ပြောပါတယ်။