Home
မြန်မာသတင်း
ကယားပြည်နယ်အတွင်း အကြီးဆုံးစက်မှုဥယျာဉ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို
နော်နိုရင်း
·
November 3, 2020
ကယားပြည်နယ်အတွင်း အကြီးဆုံး ဖြစ်လာမယ့်  Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်းနဲ့ပတ်သက်ပြီး  ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိဖို့   ကရင်နီအကြီးစား ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေး ကွန်ရက်က တောင်းဆိုလိုက်ပါတယ်။ အဆိုပါ စီမံကိန်းဟာ နိုင်ငံခြားဖက်စပ်ရင်းနှီးမြုပ်နှံမှုစီမံကိန်း တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံမှာ စံပြဖြစ်လာမယ့် စီမံကိန်းအဖြစ် ကုမ္ပဏီဘက်က အမွှန်းတင်ထားပေမယ့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေ မသိရှိကြသလို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့ ကရင်နီအကြီးစား ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေး ကွန်ရက်က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။  လွိုင်ကော်မြို့နယ် စက်မှုဇုန်မှာတည်ဆောက်နေတဲ့ ခဲသတ္ထုသန့်စင်စက်ရုံနဲ့ပတ်သက်ပြီး ပူးပေါင်းကြံစည်မှု နောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် (သို့မဟုတ်) စက်မှုဥယျာဉ်စီမံကိန်းရဲ့  အစီရင်ခံစာမိတ်ဆက်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲကို လွိုင်ကော်မြို့ Kayah Earthrights Action Network - KEAN ရုံးမှာ  နိုဝင်ဘာ ၁ ရက်က ကျင်းပ ပြောဆိုခဲ့တာပါ။  ဒီအစီရင်ခံစာကို ကယားပြည်နယ်အတွင်းက လူမှုအဖွဲ့ ၅ ဖွဲ့ ပူးပေါင်းပြီး ပြုစုခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ထဲက (Karenni Maga Investment Watch) အဖွဲ့က စောအယ်စေးက “ ကျနော်တို့က ပထမဆုံးအချက်အနေနဲ့ ဒီအစီရင်ခံစာကို ထုတ်ရတဲ့ရည်ရွယ်ချက်က ဒီလို ကယား(ကရင်နီ)မှာ အကြီးဆုံးဖြတ်လာမယ့် စီမံကိန်းတခုလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူမှမသိဘူးဆိုတာကို ဒါကို တာဝန်ရှိတဲ့အစိုးရက မပြောဘူး။ ကုမ္ပဏီက မပြောဘူး။ တကယ့်ရင်းနှီးမြုပ်နှံတဲ့သူကလည်းမပြောဘူး။ သူ့ဝဘ်ဆိုက်မှာ သူထားတယ်။ ဒါပေမဲ့ ကျနော်တို့ လက်လှမ်းမမှီနိုင်ဘူး။ ပြည်သူလူထုတွေလည်းပဲ။ သူသုံးတာ အင်္ဂလိပ်စကားနဲ့ တရုတ်စကားသုံးတယ်။ ဆိုတော့ ဒါလက်လှမ်းမှီနိုင်ဖို့အရမ်းခက်တယ်။ ဒါကို ဗမာလိုပြန်ပြောပြီး တော့ ဒေသခံ ပြည်သူလူထုသိဖို့အရမ်းခက်ခဲတဲ့အရာဖြစ်တယ်။ ဒါကြောင့် ဒီကြောင်းကို ကျနော်တို့ ဖော်ထုတ်ရခြင်းဖြစ်ပါတယ်။ ” ပူးပေါင်းကြံကစည်မှုနောက်ကွယ်မှ လျှိုဝှက်အစီအစဉ်အစီရင်ခံစာမှာ ကယားပြည်နယ် လွိုင်ကော်မြို့နယ် အတွင်းရှိ စက်မှုဇုံမြေ ဧကပေါင်း ၃၀၀ မှာ အကောင် အထည်ဖော်ဖို့အတွက် အဆိုပြုထားတဲ့ (မြန်မာ-ကမ္ဘာ့တောင်ပိုင်းစက်မှုဥယျာဉ်စီမံကိန်း)အကြောင်း အပါအဝင် သတ္တုစက်ရုံ စီမကိန်းအကြောင်းနဲ့ မည်သူကရင်းနှီးမြှုပ်နှံပြီး မည်သူ့အတွက်အကျိုးရှိတယ်ဆိုတဲ့ အချက်အတွေကို အစီရင်ခံထားပါတယ်။  ဒီအစီရင်ခံစာအရ မြန်မာ-ကမ္ဘာ့တောင်ပိုင်းစက်မှုဥယျာဉ်စီမံကိန်းဟာ လွိုင်ကော်မြို့နယ် အတွင်းရှိ စက်မှုဇုံမြေပေါ် အဓိကအားဖြင့် မြေဧက ၃၀၀ အပေါ်မှာ အကောင်အထည်ဖော်လုပ်ဆောင်ဖို့  လျာထားတဲ့စီမံကိန်းဖြစ်ပါတယ်။  ရင်းနှီးမြှုပ်မှုအားဖြင့် အမေရိကန်ဒေါ်လာ ၂၅၅ သန်းလောက်ကို ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဒီစီမံကိန်းကို အစိတ်အပိုင်း ၃ ခုနဲ့ လုပ်ဆောင်ထားတာဖြစ်ပါတယ်။  စီမံကိန်းအပိုင်း ၁ မှာ ရုံးနဲ့စီမံခန့်ခွဲမှုစင်တာတွေကို တည်ဆောက်သွားမှာဖြစ်ပြီး ဒီအတွက်မြေ ၅ ဧကကို ရယူအသုံးပြုမှာဖြစ်သလို စီမံကိန်းအစိတ်အပိုင်း ၂ မှာ အရည်ကျို/သန့်စင်စက်ရုံနဲ့ ခဲသတ္တုထုတ်လုပ်ကုန်တွေကို ထုတ်လုပ်သွားမှာဖြစ်ပြီး မြေဧက ၁၀၀ လောက်ကို အသုံးပြုကာ နှစ်စဉ်ထုတ်ကုန် မက်ထရစ်တန်ချိန် ၁၀၀၀၀ အထိ ထုတ်လုပ်ဖို့ရှိနေပါတယ်။ စီမံကိန်းအစိတ်အပိုင်း ၃ မှာတော့ အဆင့်မြင့်ဟိုတယ်တွေ၊ ထောက်ပံ့ရေးစင်တာ၊ အပန်းဖြေဧရိယာနဲ့ နိုင်ငံတကာကျောင်း၊ အလုပ်သင်တန်းစင်တာ စတဲ့အဆောက်အဦတွေပါဝင်မှာ ဖြစ်ပြီး မြေဧက ၁၉၅ ဧက ကို အသုံးပြုသွားမှာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  “ကျနော်တို့ စိုးရိမ်တာက အခုလက်ရှိ ကရင်ပြည်နယ်မှာဖြစ်နေတဲ့ ဒီမြဝတီမြို့သစ်စီမံကိန်း ဆိုတာ ဒီစီမံကိန်းမှာပါတဲ့ ခေါင်းစဉ်နဲ့ဆင်တူရိုးမားတွေဖြစ်နေတယ်။ ဆိုတော့ အဲလို တရုတ်မြို့သစ် စီမံကိန်းတွေဖြစ်လာလို့ရှိရင် နောက်ဆက်တွဲမှာဖြစ်လာတဲ့ ရာဇဝတ်မှုသော်လည်းကောင်း၊ တခြားသော နိုင်ငံရေးအရ ထိန်းချုပ်မှုသော်လည်းကောင်း အများကြီးဖြစ်လာတော့မှာ၊ ကျနော်တို့ဒေသခံတွေအပေါ်မှာ ထိန်းချုပ်မှုအများကြီးဖြစ်လာတော့မှာ၊ ဆိုတော့ ဒီပေါ်မှာ အဖြစ်အနေ အစိုးရအနေနဲ့ တာဝန်ယူရမယ်။ ဒါကို ခွင့်ပြုတဲ့အစိုးရအနေနဲ့ သူကိုယ်တိုင်ဖြေရှင်းဖို့ လိုအပ်တယ်။ နောက်တခုကကျတော့ ဒီစီမံကိန်းက အရမ်းကြီးတယ်၊ အစိတ်အပိုင်း ၃ ခုအနေနဲ့သွားတယ်။ ပြီးတော့သူရှင်းရှင်း လင်းလင်းမသွားဘဲနဲ့ ပုံစံတမျိုးအနေနဲ့ လှည့်သွားနေတဲ့ ဟာမျိုးတွေဖြစ်တယ်။ နောက်သွယ်ဝှက်သောနည်းအားဖြင့် ကျနော်တို့ဒီဒေသခံမှာရှိတဲ့ အဖွဲ့အစည်း သော်လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့သော်လည်းကောင်း အခုကတည်းက သူထိန်းချုပ်ထားပြီး ဖြစ်တယ်။” ဒီစီမံကိန်းအစိတ်အပိုင်း ၃ ခုထဲက ပထမအစိတ်အပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅ သန်း၊ စီမံကိန်းအစိတ်အပိုင်း၂ အတွက် သန်း ၅၀ နဲ့ စီမံကိန်းအစိတ်အပိုင်း ၃ အတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ နဲ့ ရင်းနှီးမြှုပ်နှံမယ့်စီမကိန်းကြီးဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။  ကရင်နီပြည် MATA အဖွဲ့ရဲ့တာဝန်ခံ ဦးအန်းဂျလိုက “အပိုင်း ၁ မှာ ကုမ္ပဏီက ဒေါ်လာ ၅ သန်းနဲ့ပဲလုပ်ထားတယ်။ အပိုင်း ၂ မှ သန်း ၅၀၊ အပိုင်း (၃)မှာ သန်း ၂၀၀ ဆိုတော့ အပိုင်း ၃ နဲ့ ပတ်သက်ရင် ဒီအဆင့်မြင့်ကျောင်းတွေ၊ စင်တာတွေ၊ ဖျော်ဖြေရေး ဒီအခန်းကဏ္ဍတွေ အကုန်ပါတဲ့အခါကျတော့ ကုန်ကုန်ပြောရင် night club တွေအဆင့်အထိအကုန်ပါလာရင် ကျနော်တို့ စာပေ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတွေ အကုန်ပျက်စီးသွားမယ်။ ဒါတွေက စိုးရိမ်မှုတွေ အများကြီးဖြစ်တယ်။ နိုက်ကလပ်တွေ၊ လောင်းကစားဝိုင်းတွေ အကုန်ပါလာရင် လူငယ်တွေရော၊ ရှိတဲ့အမျိုးသမီးကောင်းတွေလည်းအကုန်ပျက်စီးသွားမယ်။”  ပြီးခဲ့တဲ့ ဩဂုတ်လက  “ပူးပေါင်းကြံစီမှုဆိုတဲ့”အစီရင်ခံစာ စာအုပ်ထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်မှာ လက်ရှိလွိုင်ကော်မြို့ စက်မှုဇုန်မှာ လုပ်ဆောင်တဲ့ ခဲသတ္တုစက်ရုံအကြောင်းနဲ့ ပတ်သက်ပြီး ရေးသားထားခဲ့ပါတယ်။  အဆိုပါ စီမံကိန်းလုပ်ငန်းလုပ်ဆောင်ဖို့ Global South Industrial ကုမ္ပဏီက  အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်းအခြေစိုက် ရတနာကုဋေသိုက်ကုမ္ပဏီလီမီတက်က အမေရိကန် ဒေါ်လာ ၅ သန်း ဖက်စပ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ စီမံကိန်းတခုဖြစ်ကြောင်း၊ ဒီစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်အမှတ် (၁၆၈/၂၀၁၉)နဲ့ နှစ်၅၀ နဲ့  ၂၀၁၉ ခုနှစ် ဇူလိုင်လက ရင်းနှီးမြှုပ်နှံခွင့်ပြုထားခဲ့ကောင်း ဖော်ပြခဲ့ပါတယ်။  ဒါ့အပြင် စီမံကိန်းအတွက်လိုအပ်တဲ့ ကုန်ကြမ်းသတ္တုတွေကို ကယားပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ဖယ်ခုံမြိုနယ် သိကျိတ်ကျေးရွာအုပ်စု အတွင်းရှိ သိကျိတ်ဒေသနဲ့ ကဆန်းဒေသ၊ မော်ချီးဒေသတို့ကနေ ရယူ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ဌာနေတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးနဲ့သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်  ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ကရင်နီ အကြီးစားရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးကွန်ရက်က အစီရင်ခံထားပါတယ်။ ဒီပေါ် ဒေသခံတွေကလည်း ပိုပြီးစိုးရိမ်မှုတွေ ရှိလာခဲ့တယ်လို့လည်းဦးအန်းဂျလိုက ပြောပါတယ်။  “အထူးသဖြင့်စွန့်ပစ်မြေစာတွေ တအားများတဲ့အခါကျတော့ ဘယ်မှာစွန့်မလဲ ဒီနေ့ဒီအချိန် အထိ လူထုတွေမသိခဲ့ဘူး။ နောက်တခုရေအသုံးပြုမှုမှာလည်း ရေဂါလံပေါင်းက တအားများတယ် ဆိုတဲ့အခါကျတော့ ဘယ်မှာယူမလဲဆိုတဲ့ဟာတွေ၊ ဒေသခံတွေစာအုပ်ထုတ်ပြီးမှ ဒါတွေဖတ်ရတဲ့ အခါကျတော့ စိုးရိမ်မှုတွေအများကြီး ပေါ်ပေါက်လာတာပေါ့။” နောက်ထပ်အကောင်အထည်ဖော်မယ့် စီမံကိန်းအပိုင်း ၃ မှာလည်း Global South ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကတော့ ငွေကြေးအဖွဲ့အစည်းတွေ ထပ်ချေးယူဖို့ရှိကြောင်းလည်း ဆိုပါတယ်။  ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့ Hunan Global South Industrial ကုမ္ပဏီက ၂၀၁၇ ခုနှစ်ကတည်းက စတင်နေရာယူ ချဉ်းကပ်လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း သူ့ရဲ့ ကုမ္ပဏီခွဲတွေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှပ်မှုနဲ့ ကုမ္ပဏီညွန်ကြားရေးဦးစီးဌာန (DICA)မှာ မှတ်ပုံတင်တာတွေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှပ်မှုကော်မရှင် (MIC)မှာ နှစ်ရှည်ရင်နှီးမြှုပ်နှံခွင့် လက်မှတ်ရရှိပြီးမြေပြင်မှာလည်း အကောင်အထည်ဖောင်ဆောင်မှုတွေ လည်ပတ်နေပြီလို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒီလို အကောင်အထည်ဖော်စတင်လည်ပတ်နေပြီဖြစ်ပေမယ့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ငန်းအသေးစိတ်အပိုင်းတွေကို လုပ်ကိုင်ရာမှာ  ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။  ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့  စက်ရုံလုပ်ငန်းတွေ လုပ်မယ်ဆိုလို့ရှိရင် CSR ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းကုစားနိုင်တဲ့ ရန်ပုံငွေရှိပြီး အဲဒီ ရန်ပုံငွေဟာ တကမ္ဘာလုံးက ၂ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။  ဒီ ၂ ရာခိုင်နှုန်းဟာလည်း စတင်လက်မှတ်ရေးထိုးချိန်မှာ ပေးရတာ ဖြစ်တဲ့အတွက် လက်ရှိ လွိုင်ကော်မြို့က သတ္တုစက်ရုံစံမံကိန်းအပါအဝင် စီမံကိန်းကြီးအတွက် သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းကုစားနိုင်တဲ့ ရန်ပုံငွေ ၂ ရာခိုင်နှုန်း ဘယ်သူ့ဆီရောက်နေမှန်းမသိကြောင်းနဲ့ အစိုးရ အနေနဲ့ ဒါကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့လည်း တောင်းဆိုထားပါတယ်။  အစီရင်ခံစာလင့် https://keanearthrights.org/wp-content/plugins/pdf-poster/pdfjs/web/viewer.php?file=https://keanearthrights.org/wp-content/uploads/2020/11/KEAN_kmiw_report.pdf&download=true&print=true&openfile=false
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024