DVB Logo
Home
မြန်မာသတင်း
ဆေးလိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာများ အရေးယူတော့မည်
DVB
·
July 31, 2013
Donate to DVB

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီးသုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုင်ရာ ကြော်ငြာတွေကို ဥပဒေအရ အရေးယူဆောင်ရွက်တော့မယ်လို့ ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေး ဥပဒေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့ ကတည်းက ပြဋ္ဌာန်းခဲ့တာပါ။

ဒါပေမယ့် ဥပဒေအပေါ် လိုက်နာမှုက အားနည်းမှုရှိနေတဲ့အတွက် လိုက်နာမှုအားကာင်းမွန်လာစေဖို့ ရည်ရွယ်ပြီး အခုလို လုပ်တာလို့ ကျန်းမာရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က ပြောပါတယ်။ဥပဒေအရ အရေးယူမှုနဲ့ပတ်သတ်ပြီးတော့လည်း အဆင့်လိုက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ပထမတော့ ပညာပေးတာနဲ့ ပြန်စတာပေါ့။ ဥပဒေရှိတယ်ဆိုတာကလည်း ဥပဒေကို စိတ်ဝင်စားတဲ့လူလောက်မှ သိတာ။ အများအားဖြင့် မသိကြဘူး။ မသိလို့ မလိုက်နာဘူး မရှိရအောင် ဥပဒေရှိပါတယ်၊ ပြဋ္ဌာန်းချက်တွေက ဒီလိုရှိပါတယ်ဆိုတာ ဒီအဆင့်ကပဲ ပြန်စရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မလိုက်နာဘူးဆိုရင် လိုက်နာကြပါဆိုပြီး အချိန်အတိုင်းအတာ တခုပေးပြီး ကျနော်တို့ ပညာပေးရဦးမယ် ကိစ္စလည်း ရှိပါတယ်။ မလိုက်နာတဲ့သူတွေကိုတော့ ဥပဒေပါ ပြစ်ဒဏ်တွေကို ဘယ်လိုချမှတ်မယ်ဆိုပြီး ကျနော်တို့ စရမှာပါ။”

ဒီဥပဒေထဲမှာ ဆေးရုံဆေးပေးခန်း အပါအ၀င် စာသင်ခန်းတွေနဲ့ လူအများ စုဝေးမှု ရှိတဲ့ နေရာတွေမှာ ဆေးလိပ်ကင်းမဲ့ဇုန်အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတဲ့နေရာမှာ အသက် ၁၈ နှစ် မပြည့်တဲ့လူငယ်တွေကို မရောင်းဖို့ တားမြစ်ချက်တွေ ရှိပြီး ဆေးလိပ်ကြော်ငြာထည့်သွင်းဖော်ပြမှုကိုလည်း ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေသန်း ၆၀ ရှိတဲ့အနက် ဆေးလိပ်သောက်သုံးသူ ဦးရေက ၈ သန်းကျော်ရှိလို့ လူဦးရေစုစုပေါင်းရဲ့ လေးပုံတပုံနီးပါးက ဆေးလိပ်သောက်သုံးမှုရှိနေပါတယ်။

အများစုကတော့ အသက် ၁၃ နှစ်နဲ့ ၁၅နှစ်ကြား ရှိတဲ့သူတွေဖြစ်တယ်လို့ ၂၀၁၂ ခုနှစ် ဇွန်လမှာထုတ်ဝေတဲ့ အာဆီယံဒေသတွင်း နိုင်ငံများဆိုင်ရာ ဆေးရွက်ကြီးသုံးစွဲမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုက ဆယ်စုနှစ်အတွင်းမှာ သိသိသာသာမြင့်တက်မှုရှိခဲ့ပါတယ်။

ကျောင်းနေအရွယ် လူငယ်တွေအကြားမှာဆိုရင်လည်း ဆေးလိပ်သောက်သုံးမှုထက် ဆေးရွက်ကြီး သုံးစွဲမှုက ပိုမိုမြင့်တက်လာတယ်လို့ ဒေါက်တာမင်းသန်းညွှန့်က ဆိုပါတယ်။

ဒါကြောင့် ဇူလိုင်လ ၃၀ ရက်နေ့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားကျန်းမာရေး ကော်မတီအစည်းအဝေးမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013