မြန်မာနိုင်ငံက ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အယောက် ၁၀၀ မှာ ၄ ယောက်လောက် အောက်စီဂျင်လိုအပ်ပြီး လက်ရှိမှာတော့ လူနာအယောက် ၇၀၀ လောက်ကို အောက်ဆီဂျင် ပေးထားရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။
နိုင်ငံတကာအချက်အလက်အရ လူနာ ၁၀၀ မှာ ၁၅ ယောက်လောက်က အောက်ဆီဂျင် လိုအပ်တာပါ။
လက်ရှိ မြန်မာနိုင်ငံမှာတော့ ဆေးကုသဆဲ လူနာတွေထဲမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း လောက်ပဲ အောက်ဆီဂျင်ပေးထားရတာကြောင့် အခြေအနေအဆိုးကြီး မဟုတ်သေးဘူးလို့ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။
“ကိုဗစ် -၁၉ ဟာ အောက်စီဂျင် အရမ်းလိုတဲ့ အခြေအနေ ရှိပါတယ်။ အခုလက်ရှိမှာဆိုရင် လူနာ ၇၀၀ ကို အောက်စီဂျင်ပေးထားရပါတယ်။ လက်ရှိ ရှိနေတဲ့ လူနာထဲမှာ ဒါဟာ ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံတကာစာစောင်တွေမှာ ဆိုရင်တော့ လူနာ ၁၀၀ ရှိရင် ၈၀ က သာမန်နဲ့ အသင့်အတင့် လက္ခဏာပဲရှိတယ်။ ၁၅ ရာခိုင်နှုန်းက အောက်စီဂျင်လိုတယ်လို့ ပြောထားတယ်။ အဲ့ Data နဲ့ဆိုရင် ကျမတို့ နိုင်ငံမှာ အောက်ဆီဂျင်လိုတဲ့လူနာတွေအနေနဲ့ သိပ်အခြေအနေဆိုးကြီး မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။”
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ပင်မဆောင်ကြီးတခုလုံးကို ကိုဗစ်ရောဂါပိုးတွေ့လူနာ သီးသန့်ကုသဆောင်အဖြစ် ပြင်ဆင်ထားပြီး အထူးကြပ်မတ်ကုသဆောင် (ICU) ကုတင် ၄၀ ဆံ့ ကုသပေးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။
ဆေးရုံကြီးမှာ လက်ရှိ ဆေးကုသဆဲ ကိုဗစ်လူနာအရေအတွက် ၂၅၀ ယောက်ရှိနေပြီး ဒီထဲက အနည်းဆုံး လူနာ ၅၀ လောက်ကို မဖြစ်မနေ အောက်ဆီဂျင်ပေးထားရတယ်လို့ အရေးပေါ်ဌာန တာဝန်ခံ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
“ရန်ကုန်ပြည်သူ့ဆေးရုံကြီး လောလောဆယ် အခြေအနေအရတော့ အရေးပေါ်မှာဆိုရင် အားလုံးသော လူနာတွေက အရေးပေါ်ကို ဖြတ်ပြီးမှ ဝင်လို့ရတယ်လေ။ အဲ့ကျတော့ အောက်စီဂျင် ရှူရတဲ့လူနာ လောလောဆယ် ကိုဗစ်လူနာ အရေအတွက်က ၂၅၀ နီးပါးလောက် အမြဲတမ်းရှိနေတယ်။ နေ့တိုင်းပဲ။ အဲဒီထဲကမှ အနည်းဆုံး ၅၀၊ ၅၅ ရာခိုင်နှုန်း လောက်က အောက်စီဂျင်လိုတယ်။”
ဒီမတိုင်ခင်က ရန်ကုန်ဆေးရုံကြီး အဆောင်တွေမှာ လူကြပ်နေခဲ့ပြီး အခုအဆောင်တွေ ချဲ့ထားတာကြောင့် ပြေလည်သွားပြီလို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၃၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၅၁,၀၀၀ ကျော် ရှိနေပြီး ရောဂါဖြစ်ပွားသူ ၇၈ ရာခိုင်နှုန်းရှိတဲ့ ရန်ကုန်တိုင်းမှာ အတည်ပြုလူနာပေါင်း ၃၉,၁၂၈ ယောက် ရှိနေတာပါ။
ရန်ကုန်တိုင်းထဲမှာတော့ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တို့က အများဆုံး ဖြစ်နေပါတယ်။
ရန်ကုန်တိုင်းထဲ ဆေးရုံကြီး ၅ ခုနဲ့ ကိုဗစ်ကုသရေးစင်တာ ၁၅ ခုမှာ အောက်စီဂျင် ပေးထားနိုင်တဲ့ ကုတင်အရေအတွက် ၁၀၀၀ ကျော်အထိ ပြင်ဆင်ထားပါတယ်။
ဒါ့အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အောက်စီဂျင် တပ်ဆင်ထားတဲ့ ကြပ်မတ်ကုသဆောင် (HDU) ကုတင် ၃၀၀၊ အရှေ့ပိုင်းဆေးရုံမှာ ကုတင် ၁၀၀ ၊ ကမ္ဘာအေး ဇီဝိတဒါန သံဃာဆေးရုံမှာ ကုတင် ၄၀၊ မြောက်ဥက္ကလာပဆေးရုံမှာ ကုတင် ၂၀၀ ဆံ့ အရေးပေါ်ဌာနတွေ တိုးချဲ့ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
နန့်ခိုင်