တမန်တော်မိုဟာမက် ကာတွန်းပုံဖော်ပြခဲ့မှု လက်ဘနွန်နိုင်ငံ ပြင်သစ်သံအမတ်အိမ်ရှေ့၌ ဆန္ဒပြ

တမန်တော် မိုဟာမက် ကာတွန်းပုံ ဖော်ပြခဲ့မှုနဲ့ပတ်သက်လို့ လက်ဘနွန်နိုင်ငံ ပြင်သစ် သံအမတ်ကြီးရဲ့ နေအိမ်အပြင်ဘက်မှာ အောက်တိုဘာလ ၃၀ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ မြို့တော်ဘေရွတ်က ပြင်သစ်သံအမတ်ကြီးရဲ့နေအိမ် အပြင်ဘက်မှာ ဆန္ဒပြသူတွေက အစောင့်အကြပ်တာဝန်ယူထားတဲ့ လုံခြုံရေး ဝန်ထမ်းတွေကို ခဲတွေနဲ့ လှမ်းပစ်ကြပါတယ်။  လုံခြုံရေး ဝန်ထမ်းတွေကလည်း မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ပြီး ဆန္ဒပြသူ ၃၀၀ လောက်ကို လူစုခွဲခဲ့ပါတယ်။  ဆန္ဒပြသူတွေထဲမှာ ဒေသဆွန်နီ အစ္စလာမ္မစ်ပါတီ ထောက်ခံသူတွေ ပါဝင်ပြီး  သူတို့ဟာ သောကြာနေ့ ဝတ်ပြုပြီးနောက် ဗလီကနေ ဒီနေရာကို ချီတက်လာကြတာပါ။  ဒီလအစောပိုင်းက  ပြင်သစ် ကျောင်းဆရာ တစ်ယောက်ဟာ တမန်တော်မိုဟာမက် ကာတွန်းပုံကို ပြပြီး သူ့ကျောင်းသားတွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သင်ကြားပေးခဲ့တဲ့အတွက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ ကျောင်းဆရာအသတ်ခံရပြီးနောက် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခွန်းက အစွန်းရောက်အစ္စလာမ္မဝါဒီတွေကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြင်သစ်နိုင်ငံ ဘုရားကျောင်းမှာ ဓားကိုင်သူ ၁ ဦးရဲ့  သတ်ဖြတ်မှုကြောင့်  လူ ၃ ဦး သေဆုံးတဲ့အပေါ် သမ္မတ မာခွန်းက ပြင်သစ်တန်ဖိုးတွေနဲ့ လွတ်လပ်စွာ ယုံကြည်မှု အတိုက်ခိုက်မခံရအောင် ကာကွယ်မယ်လို့ ကတိပြုခဲ့ပါတယ်။  ပြင်သစ်သရော်စာမဂ္ဂဇင်း ချာလီဟက်ဘိုမှာ တမန်တော် မိုဟာမက် ကာတွန်းပုံ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး မွတ်စလင် အများစုရှိတဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါလက်စတိုင်းနယ်မြေတွေက မွတ်စလင်ပေါင်း သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up