အင်္ဂပူမြို့နယ်တွင် ကြိုတင်မဲလက်မှတ်ကို ဘောပင်ဖြင့်အမှန်ခြစ်ခိုင်းမှုရှိနေ
DVB
·
October 30, 2020
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကံဦးကျေးရွာအုပ်စုရှိ မဲရုံမှာ အသက် ၆၀ ကျော်အရွယ်မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးရာမှာ မဲလက်မှတ်ပေါ်ကို တံဆိပ်တုံးနဲ့ မနှိပ်ခိုင်းပဲ ဘောလ်ပင်နဲ့ခြစ်ခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်အလုပ်အမှုဆောင် ဦးခင်ရွှေက "မနေ့ကရယ်၊ ဒီနေ့ရယ်ပေးထားတဲ့အထဲက ၃၉ ဦးက ဒီနေ့ရုံးလာပြီး ပြောလို့သိရတယ်။ လက်ရှိအခြေအနေ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို အကြောင်းကြားထားတယ်။ ဆန္ဒမဲရှင်တွေကတော့ ဒါမျိုးဖြစ်တာ့ သူတို့မဲတွေ ပယ်မဲဖြစ်မှာ ရိမ်နေကြတာပေါ့” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်က မဲရုံတွေမှာ မဲစာရင်းတွေမှားယွင်းနေလို့ ပြင်ဆင်တာတွေ၊ မဲစာရင်းမပါလို့ မြို့နယ်ကော်မရှင်ကို စာတင်အကြောင်းကြားရတွေလည်း ဖြစ်ပေါ်နေပါတယ်။ အင်္ဂပူမြို့နယ်အတွင်းမှာ ကြိုတင်မဲပေးခွင့်ရှိသူပေါင်း ၂၀,၂၈၀ ဦး ရှိပါတယ်။
အင်္ဂပူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက "ခုဖြစ်စဉ်ကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို စာတင်ထားတယ်။ လက်ရှိတော့ တစုံတရာ မညွှန်ကြားသေးပါဘူး" လို့ ပြောပါတယ်။
လတ်တလောမဲဆန္ဒရှင်တချို့ တံဆိပ်တုံးမနှိပ်ဘဲ ကြိုတင်မဲပေးမိတဲ့ နယ်မြေဟာ အင်္ဂပူမြို့နယ်အမှတ် ၁ မဲဆန္ဒနယ်ဖြစ်ပြီး ခုလက်ရှိ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ မဲရုံမှာ မဲပေးတာ (သို့မဟုတ်) ရပ်ကွက်/ကျေးရွာအုပ်စုကြိုတင်မဲဆိုရင် မဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်တည့်တည့် ဘေးဘက်ရှိ လေးထောင့်အကွက်ထဲမှာ အမှန်အမှတ်အသားပါသော UEC တံဆိပ်တုံးနဲ့ ရိုက်နှိပ်မဲပေးရမှာပါ။
မြို့နယ်ကြိုတင်မဲဆိုရင်တော့ မဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်တည့်တည့်ဘေးဘက်ရှိ လေးထောင့်အကွက်ထဲမှာ ဘောလ်ပင်နဲ့ အမှတ်အသား ✓ ခြစ်ပေး ပြီး မဲရေးရမှာဖြစ်တယ်လို့ မဲလက်မှတ်စာရွက်မှာ ရေးသားထားပါတယ်။