DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းအဖွဲ့ရှစ်ဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် လေ့လာမည်
DVB
·
July 29, 2013
Donate to DVB

မသန်းစွမ်းမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ရှစ်ဖွဲ့က တာဝန်ရှိသူတွေဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်ကို ဇူလိုင် ၃၀ ရက်နေ့မှာ ပထမဆုံးအကြိမ် သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေကတော့ (ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ ဥာဏ်ရည်၊ အပြောနဲ့အကြားအာရုံ မသန်စွမ်းမှုလေးမျိုးကို ကိုယ်စားပြုတဲ့ မသန်းစွန်းမှုဆိုင်ရာ မိတ်ဖွဲ့အဖွဲ့ ရှစ်ဖွဲ့က တာဝန်ရှိသူ ၁၆ ဦးဖြစ်ပါတယ်။

မသန်စွမ်းတာဝန်ရှိသူတွေဟာ လွှတ်တော်ကို မနက်ပိုင်းတပိုင်းလုံး လေ့လာမှာဖြစ်သလို ညနေပိုင်းကျရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ sky palace hotel မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီတွေ့ဆုံပွဲမှာ မသန်စွမ်းတွေရဲ့ လက်ရှိအခြေအနေနဲ့ လုပ်ဆောင်မှုတွေကို တင်ပြကြမှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

ဒီအပေါ် သူတို့လေ့လာရေးအဖွဲ့က ကျေးဇူးတင်စကားကို ဦးစွာပြောဆိုပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြမယ်လို့  ဒီခရီးစဉ်ကို ဦးဆောင်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောပါတယ်။

“နိုင်ငံသားထဲက နိုင်ငံသားတွေဖြစ်တဲ့ မသန်စွမ်းသူတွေလည်းပဲ အခြားနိုင်ငံသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးကို တန်းတူ ရချင်တယ်ဆိုတဲ့အကြောင်းလေးကို ကျနော်တို့ ပြောပြမှာဖြစ်ပါတယ်။ လက်ရှိ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေရှိပါတယ်။ မသန်စွမ်းမှုကြောင့် ဆုံးရှုံးနေရတဲ့အခွင့်အရေး ဘာတွေဘာတွေဖြစ်ပါတယ်ဆိုတာ ထောက်ပြပြီးတော့ မသန်စွမ်းသူများ ဥပဒေ မြန်မာနိုင်ငံမှာ အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့အတွက် ကျနော်တို့ တွန်းအားပေးဖို့အတွက်၊ တင်ပြဖို့အတွက် သွားမှာဖြစ်ပါတယ်။”

လက်ရှိမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မသန်စွမ်းအဖွဲ့တွေထံက အကြံဥာဏ်ရယူရေးဆွဲခဲ့တဲ့ မသန်စွမ်းသူများ ဥပဒေမူကြမ်း ရှေ့နေချုပ်ရုံးကို တင်ပြခဲ့ရာမှာ ၀န်ကြီးဌာနထံ ပြန်ကျလာပြီလို့ ဦးအောင်ကိုမြင့်က ပြောပါတယ်။

ဒါကြောင့် ၀န်ကြီးဌာနက လွှတ်တော်ကို တင်ပြတဲ့အခါ မသန်စွမ်းသူတွေရဲ့ လိုလားချက်အခြေအနေမှန်ကို တင်ပြနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြမယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေရဲ့ အရေးကို မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ပေးဖို့ အရေးကြီးတယ်လို့ ဦးအောင်ကိုမြင့်က ပြောပါတယ်။

“မသန်ဘူးဆိုတာ မှန်ပေမယ့် ကျန်တဲ့အပိုင်းက စွမ်းဆောင်နိုင်သေးတာ ဖြစ်တာကြောင့် တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်တယ်။ အဲဒါကြောင့် မသန်စွမ်းသူတွေကို သနားပါတယ်၊ သနားတဲ့အတွက် လုပ်ပေးလိုက်မယ်၊ ငါတို့က ပြန်လည်ထူထောင်ပေးမှရမယ်၊ ငါတို့ လုပ်ပေးမှရမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ မသန်စွမ်းသူတွေရဲ့အရေးကို မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ပြီးတော့ သူတို့လိုအပ်ချက်ကို အမှန်တကယ် သူတို့ပြောတာကို နားထောင်ပြီး လုပ်ပေးဖို့ လိုတာပေါ့။ အဲလို လုပ်လိုက်မယ်ဆိုရင် သူတို့ဟာလည်း နိုင်ငံရဲ့ အင်အားတွေပဲ။ မသန်စွမ်းသူတွေကို လျစ်လျူရှုထားခြင်းဖြင့် တနည်းအားဖြင့် အသိအမှတ် မပြုတာလို့ပဲ ပြောရမှာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013