DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင် မြို့နယ်အချို့တွင် ပီနံအိတ်များကို ကြိုတင်မဲပုံးအဖြစ်အသုံးပြုမှု မဲဆန္ဒရှင်များဝေဖန်
DVB
·
October 30, 2020
မန္တလေးခရိုင် မြို့နယ်အချို့တွင် ပီနံအိတ်များကို ကြိုတင်မဲပုံးအဖြစ်အသုံးပြုမှု မဲဆန္ဒရှင်များဝေဖန်
1 / 9
Donate to DVB

မန္တလေးခရိုင်အတွင်း အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ပြီး အသက်ခြောက်ဆယ်အထက် ကြိုတင်မဲတွေကောက်ခံရာမှာ ပီနံအိတ်တွေနဲ့ ကြိုတင်မဲပုံးပြုလုပ်ဆောင်ရွက်နေတာတွေဟာ မဖြစ်သင့်ဘူးလို့ မဲဆန္ဒရှင်တွေက ဝေဖန်နေကြပါတယ်။

အသက်ခြောက်ဆယ်နဲ့ အထက် ရှိသူတွေ ကြိုတင်မဲပေးနိုင်ဖို့ကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ခွင့်ပြုထားပြီး မဲရုံဖွင့်ထားတဲ့နေရာတွေမှာ လာရောက်မဲပေးနိုင်သလို တချို့ ရပ်ကွက်တွေမှာတော့ မဲရုံတာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် လိုက်လံကောက်ယူနေပါတယ်။

အဲ့ဒီလို ကောက်ယူရာမှာ မန္တလေးခရိုင်အတွင်း မြို့နယ်အချို့မှာ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ ကြိုတင်မဲပုံးတွေကို အသုံးမပြုဘဲ ပီနံအိတ်တွေကို အသုံးပြုကောက်ခံခဲ့ကြတာတွေ ရှိတယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒရှင်တဦးဖြစ်တဲ့ ဦးမြင့်ချိုက ပြောပါတယ်။

"ကျနော်တို့ မန္တလေးမှာက ပြောမယ်ဆိုရင် အမရပူရမြို့နယ်မှာ မဲပုံးထဲမှာထည့်ရတယ်။ ဒီဘက်ကိုဆက်လာရင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်တော်တို့မြို့နယ်ကျတော့ မဲက အိတ်ထဲမှာ ထည့်ရတယ်။ ကျနော်တို့မြို့နယ်ကနေ တခါ ဟိုဘက် မဟာအောင်မြေမြို့နယ်ထဲမှာကျလည်း ပုံးနဲ့ထည့်ရတယ်။ ပြီးတော့ ဟိုဘက်ဆက်သွားရင် ချမ်းအေးသာစံမြို့နယ်ကျလည်း အိတ်တွေနဲ့ ပြန်ဖြစ်သွားတယ်။ ဟိုဘက်တခါ အောင်မြေသာစံကျလည်း ပုံးနဲ့ဖြစ်တယ်၊ ပုသိမ်ကြီးမြို့နယ်ကျလည်း ပုံးနဲ့ဖြစ်တယ်။ အဲ့ဒီတော့ ဆိုလိုတာက မန္တလေးမြို့ တကယ့်မြို့လည်ခေါင်ကြီးတောင်မှ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ဆက်စပ်နေတာတောင်မှ ဒီမြို့နယ်က ပုံစံတစ်မျိုး၊ ဟိုဘက်မြို့နယ်က ပုံစံတစ်မျိုးဆိုရင် ဒါကြီးတွေက ကော်မရှင်လုပ်ရပ်တစ်ခုအနေနဲ့ ပေါ့နော်၊ ကော်မရှင်ဆိုတာ ဒီမဲကိုင်တွယ်တဲ့ အနေအထားနဲ့က ဒီဟာကြီးတွေက ဖြစ်သင့်လား၊ တနယ်တမျိုးဖြစ်နေတာကြီးက သဘာဝကျလားဆိုတာလည်းပဲ ကျနော်တို့က မေးခွန်းထုတ်စရာဖြစ်ပါတယ်။" 

မဲပေးပြီးတဲ့အခါ ချိတ်ပိတ်ထားတဲ့ ကြိုတင်မဲပုံး‌ထဲကို တိုက်ရိုက်မရောက်ဘဲ ပီနံအိတ်တွေနဲ့ တဆင့်ပြန်လည်သယ်ယူတဲ့အပေါ် အမှားအယွင်းဖြစ်လာမှာကို ကြိုတင်မဲဆန္ဒရှင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မဲဆန္ဒရှင် တဦးဖြစ်တဲ့ ဦးမြင့်ချိုက "ပြည်သူတစ်ယောက်အနေနဲ့ မဲအိတ်ဆိုတာ ကျနော်လည်း မကြားဖူးဘူးဗျ၊ မဲပုံးဆိုတာပဲ ကြားဖူးတယ်။ အဲ့တော့ မဲကပုံးနဲ့ မထည့်ပဲနဲ့ ဒီအိတ်တွေထဲထည့်တယ်၊ ဒီနေ့ဆိုရင် ကျနော်တို့ကြားတာ၊ ဒီမဲတွေကို နောက်ဆုံး ကြွပ်ကြွပ်အိတ်နဲ့တောင်ထည့်တယ်။ အခုအချိန်မှာဗျာ၊ ကျွန်တော်တို့ မဲတပြားဆိုတာ တန်ဖိုးကိုဖြတ်လို့မရဘူး။ အဲဒီတန်ဖိုးမဖြတ်နိုင်တဲ့ မဲတစ်မဲက ပုံးနဲ့မရောက်ဘဲနဲ့ အလွယ်တကူ အိတ်တွေထဲရောက်တယ်၊ ကြွပ်ကြွပ်အိတ်တွေထဲရောက်တယ်၊ ဆာလာအိတ်တွေထဲ ရောက်တယ်ဆိုရင် ဒါကြီးကတော့ သဘာဝမကျဘူးလို့ ကျနော်ကတော့ အဲ့လိုပဲမြင်တယ်၊ အဲ့လိုပဲပြောချင်ပါတယ်။”

အခုလို ပီနံအိတ်တွေနဲ့ မဲတွေထည့်သယ်တာဟာ ရပ်/ကျေးကော်မရှင်တချို့ရဲ့ လုပ်ဆောင်မှု အမှားအယွင်းတခုသာဖြစ်ပြီး နောက်ရက်တွေမှာ ခွင့်ပြုထားတဲ့ ကြိုတင်မဲပုံးတွေနဲ့သာ လိုက်လံကောက်ခံကြဖို့ ထပ်မံညွှန်ကြားထားတယ်လို့ တိုင်းကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"သူတို့လုပ်ဆောင်မှု အလွဲတွေဖြစ်ပါလိမ့်မယ်၊ မဲပုံးနဲ့ပဲ ကောက်ရမှာပါ။"

ပီနံအိတ်နဲ့ထည့်ယူတဲ့ မဲတွေအနေနဲ့ကတော့ ပယ်မဲဖြစ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာတော့ အသက်ခြောက်ဆယ်နဲ့အထက် ကြိုတင်မဲပေးမယ့်သူ ခုနစ်သိန်းခွဲဝန်းကျင်ရှိနိုင်တယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013