မင်္ဂလာဒုံ မှန်ဘီလူးစက်ရုံတွင် ကိုဗစ်-၁၉ ပိုးတွေ့ အလုပ်သမား ၅၇၀ ကျော်ရှိ
DVB
·
October 30, 2020
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical မှန်ဘီလူးစက်ရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ အလုပ်သမား ၅၇၀ ကျော်ရှိပြီး အယောက် ၁၂၀၀ ကျော်ကတော့ ရောဂါပိုးမတွေ့ရှိဘူးလို့ စက်ရုံရှိ သွင်းကုန်၊ထုတ်ကုန်ဌာန တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
စက်ရုံတွင်းကဝန်ထမ်းတွေကို အောက်တိုဘာ ၇ ရက်နေ့ကစတင်ကာ မင်္ဂလာဒုံကျန်းမာရေးဌာနက အသုတ်လိုက်လာစစ်ဆေးပေးနေပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာ ဝန်ထမ်းတွေအားလုံး စစ်ဆေးပြီးစီးခဲ့တာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေကိုတော့ သက်ဆိုင်ရာကုသရေးစင်တာတွေကို ပို့ဆောင်ထားပြီး ဝန်ထမ်း ၁၂၀၀ ကျော်ကတော့ ပိုးမတွေ့ရှိကြောင်း ထောက်ခံစာရပြီ ဖြစ်တာကြောင့် နေရပ် ပြန်ဖို့ စီစဉ်နေကြပါတယ်။
စက်ရုံရှိအလုပ်သမားတဦး "အစက Negative ဖြစ်ကြောင်း ထောက်ခံစာ မပေးတော့ဘူးဆိုလို့ နယ်ပြန်ဖို့ လုပ်ထားတဲ့ အစီအစဉ်ပျက်ခဲ့ပါတယ်။ အခုတော့ ထောက်ခံစာရပြီဖြစ်တဲ့အတွက်ကြောင့် စက်ရုံတွင်းက ဝန်ထမ်းအားလုံးနီးပါး နယ်ပြန်ကြမယ်" လို့ ပြောပါတယ်။
စက်ရုံရှိသွင်းကုန်၊ထုတ်ကုန်ဌာနက တာဝန်ရှိသူက "Negative အဖြေထွက်ပြီး အဆောင်မှာ ကွာရန်တင်း ၇ ရက်နေကာ ကျန်းမာရေးဌာနက Negative ဖြစ်ကြောင်း ထောက်ခံစာကို စက်ရုံက တာဝန်ရှိသူတွေကိုပေးမှ ဝန်ထမ်းတွေကို ပြန်ပေးလို့ရတာ” လို့ ပြောပါတယ်။
စက်ရုံကိုတော့ သက်ဆိုင်ရာစည်းကမ်းတွေ လိုက်နာပြီး နိုဝင်ဘာ ၃ ရက်နေ့လောက်ဖွင့်နိုင်ဖို့ တိုင်းကျန်းမာရေးကို လျှောက်ထားမယ်လို့ ဆိုပါတယ်။
မှန်ဘီလူးစက်ရုံဟာ အလုပ်သမား ၅၀၀၀ ကျော်နဲ့လုပ်ကိုင်လည်ပတ်နေတာဖြစ်ပြီး အစိုးရက Stay at home ကြေညာတဲ့ စက်တင်ဘာ ၂၄ ရက်နေ့က စက်ရုံကိုပိတ်လိုက်တာဖြစ်ပါတယ်။
ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်သွားသွားတဲ့ အလုပ်သမား ၁၀၀၀ ကျော်လောက်ရှိပြီး နယ်ပြန်လို့မရတဲ့ အလုပ်သမားတွေက စက်ရုံတွင်းမှာ နေနေရတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က မှန်ဘီလူးစက်ရုံရှိ အလုပ်သမား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိတာဖြစ်ပါတယ်။
အိသဇင်ခိုင်