ရှမ်းပြည်နယ်တွင် မဲဆန္ဒရှင်စာရင်း ၁ သိန်းကျော်လျော့ကျ
DVB
·
October 30, 2020
ရှမ်းပြည်နယ်မှာ ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး ပြင်ဆင်ဖြည့်စွက်ပြုလုပ်ပြီးနောက် မဲဆန္ဒရှင်စာရင်း တိုးလာပေမယ့် ကန့်သတ်ချက်ကြောင့် မဲစာရင်း ၁ သိန်းကျော် လျော့ကျသွားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
ဒုတိယ အကြိမ်မဲစာရင်းကပ်ကြေညာပြီးနောက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်၊ ကျေးရွာအုပ်စုတွေ တိုးလာတဲ့အတွက် မဲစာရင်း လျော့သွားတာဖြစ်ပါတယ်။
“မိုင်းကိုင်မြို့နယ် တစ်ခုလုံးကို ကန့်သတ်လိုက်တော့ မိုင်းကိုင်မြို့နယ်မှာ မဲစာရင်းက ၅၆၀၀၀ ကျော်ရှိတယ်၊ အဲ့ဒါ မပါတော့ဘူးပေါ့။ လုံးဝမဲစာရင်းကောက်လို့မရဘူး၊ ရပ်ကျေးကော်မရှင်ဖွဲ့လို့ မရဘူး၊ အဲ့ဒါက ၉ မြို့နယ်ရှိတယ်၊ ဒါကလုံးဝကျင်းပခွင့်မရှိတော့ဘူး။ အဲထဲမှ ၈ မြို့နယ်က အုပ်စု ၄၃ အုပ်စု၊ မဲဆန္ဒရှင် ၄၆၀၀၀ ကျော်ရှိပြီးတော့ ပြန်လည်ခွင့်ပြုတာ ၃ အုပ်စုရှိတယ်။ အဲတော့ မဲဆန္ဒရှင် ၈ သောင်းကျော်ကျန်ခဲ့တယ် မဲပေးခွင့်ဆုံးရှုံးတာပေ့ါ” လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောပါတယ်။
ဒုတိယ အကြိမ်မဲစာရင်းကပ်ကြေညာရာမှာ ရှမ်းပြည်နယ်အတွင်း မဲစာရင်း ၃၆၆၆၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၃၆၇၅ ရုံစီစဉ်ထားပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ အသက် ၆၀ အထက် သက်ကြီးတွေ ကြိုတင်မဲကို တက်တက်ကြွကြွပေးနေတာကို တွေ့ရှိရပါတယ်။
ရှမ်းပြည်နယ်မှာ မဲစာရင်းကောက်လို့မရတဲ့နေရာ၊ ကျေးလက်ကော်မရှင်အဖွဲ့ခွဲ ဖွဲ့လို့ မရတဲ့နေရာက ၉ မြို့နယ်ရှိပါတယ်။
ရှမ်းပြည်နယ် တစ်ခုလုံး ၄၉ မြို့နယ်အတွက် မဲစာရင်း ၃၅ သိန်းကျော်ရှိပြီး အသက် ၆၀ နဲ့အထက် သက်ကြီးတွေ ကြိုတင်မဲပေးနိုင်သူ စာရင်းက ၃၉၆၀၀၀ ကျော်ရှိပါတယ်။
ခွန်ရာဇာ