မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၆ ဦး ထပ်တွေ့၊ အတည်ပြုလူနာ ၆၇၀ ကျော် ရှိလာ
DVB
·
October 30, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့က ၂ ဦးစီ၊ မော်လမြိုင်မြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့က ၁ ဦးစီ စုစုပေါင်း ၆ ဦး ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရတာပါ။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာ ၆ ဦးစလုံးဟာ သက်ဆိုင်ရာမြို့နယ်တွေက အသွားအလာ ကန့်သတ်ထားတဲ့ ကွာရန်တင်း စင်တာတွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထူးခြားမှုအနေနဲ့ ရောဂါပိုး တွေ့ရှိခဲ့တဲ့ သထုံမြို့နယ်နဲ့ မော်လမြိုင်မြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးဟာ ခရီးသွား ရာဇဝင်လည်း မရှိသလို ပိုးတွေ့လူနာနဲ့ ထိတွေ့ထားခြင်း မရှိတဲ့သူတွေ ဖြစ်နေပါတယ်။
လက်ရှိမှာတော့ ကိုဗစ်အတည်ပြုလူနာ အားလုံးကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ပေးထားပြီး ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇၃ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ လူနာ ၄၀၀ ကျော် ဆေးရုံဆင်းခွင့်ရှိသွားပြီ ဖြစ်ပါတယ်။