DVB Logo
Home
မြန်မာသတင်း
အဖွဲ့စုံပါဝင်သည့် တိုင်းရင်းသားညီလာခံ စတင်ကျင်းပ
DVB
·
July 29, 2013
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ အတော်များများ ပါဝင်တဲ့ တိုင်းရင်းသားညီလာခံတစ်ခုကို  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

ဒီညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းထားတဲ့ ပြည်ပအခြေစိုက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က  ကမကထ ကျင်းပတာဖြစ်ပြီး  စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး၊ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ  တိုင်းရင်းသားဒေသတွေမှာ ရေရှည်ပြည်တွင်းငြိမ်ချမ်းရေး ဖော်ဆောင်ဖို့ အရေးတွေမှာ တိုင်းရင်းသားတွေအားလုံး တသဘောထဲရှိနိုင်ဖို့ ရည်ရွယ် ဆွေးနွေးနေကြတာပါ။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မွန်တိုင်းရင်းသား သတင်းဌာနတခုဖြစ်တဲ့ ရွှေဟင်္သာ သတင်းဌာနက  အယ်ဒီတာ ဦးအောင်ခိုင်မင်း က ခုလိုပြောပါတယ်။

“အစိုးရက တကယ် စေတနာမှန်မယ်ဆိုရင်တော့ တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တိုင်းရင်းသားတွေ ဘက်ကလည်း ပြည်တွင်းစစ် ရပ်စဲပြီးတော့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကို လိုလားတဲ့ အနေအထားလည်းရှိပါတယ်။ ဒါပေမယ့် နှစ်ဖက်ကြားမှာရှိတဲ့ အခြေခံပဋိပက္ခအချို့တော့ ရှိတာပေါ့။ ဥပမာ အောက်ခြေမှာ တပ်ပိုင်းဆိုင်ရာတွေ ပစ်ခတ်နေတာမျိုး။ ဒါတွေက ဖြစ်တတ်တဲ့ ကိစ္စတွေလို့ သူတို့ ပြောနေပေမယ့် တကယ့်ကို ဖြေရှင်းသင့်တဲ့ ပြဿနာတွေပါ။ သေးသေးလေးကအစ အားလုံးကို လွှမ်းခြုံနိုင်တဲ့ အနေအထားထိ ရောက်သွားနိုင်ပါတယ်။ အဲဒါကို အစိုးရဘက်က တာဝန်ခံပြီး လုပ်ပေးနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး ယုံကြည်မှုရနိုင်ပါတယ်။ တိုင်းရင်းသား ညီလာခံကလည်း ဒီအရေးကို ဆွေးနွေးမယ်လို့ ကျနော် မြင်ပါတယ်။”

ဒီညီလာခံမှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူထားတဲ့ ရှမ်း၊ ကရင်၊ ကရင်နီ၊ ကချင်၊ မွန်၊ ပအိုဝ်း၊  ၀ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု မရသေးတဲ့အဖွဲ့တွေ၊ ပြည်တွင်းက ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများမဟာမိတ်အဖွဲ့၊ ပြည်ပအခြေစိုက် မြန်မာအမျိုးသမီးများအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလူငယ်အဖွဲ့တွေ စတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ် စား လှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်နေတာပါ။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ရဲ့ အမှုဆောင်ကော်မတီဝင် ဒေါ်ရှယ်လီဆိုင်းက တော့ ဒီညီလာခံကနေ တိုင်းရင်းသားအဖွဲ့တွေအချင်းချင်း စည်းလုံးညီညွတ်မှု ပိုရလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“တိုင်းရင်းသားတွေ အမြင်တခုနဲ့ ညီညွတ်သွားဖို့ပေါ့။ လက်နက်ကိုင် ပြည်တွင်းပြည်ပ၊ နိုင်ငံရေးပါတီ၊ ပြည်သူလူထု၊ အမျိုးသမီး၊ လူငယ်တွေ။ လက်နက်ကိုင်တဲ့ ယူအန်အက်ဖ်စီနဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး အဖွဲ့တွေ တွေ့တာနဲ့ အစိုးရ ခေါ်တွေ့တာနဲ့ မတူဘူးလေ။”

ပြည်တွင်းက ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့ (အန်ဘီအက်ဖ်) ကတော့ ပြည်တွင်းမှာ ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲတခု ကျင်းပနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ဒီညီလာခံကို မတက်ရောက်နိုင်ပေမယ့် တိုင်းရင်းသားတွေကြား တူညီတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ပြောပါတယ်။

ညီလာခံကို ဇူလိုင် ၂၉ ရက်ကနေ ၃၁ ရက်နေ့ထိ ၃ ရက်တာ ကျင်းပသွားဖို့ရှိပြီး  ဆွေးနွေး ပွဲရလဒ်တွေကိုတော့ ညီလာခံနောက်ဆုံးနေ့မှ ထုတ်ပြန်ကြေညာမယ်လို့ အစည်းအဝေးတက် ရောက်သူတဦးက ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ ညီလာခံက ရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို အခြားဒီမိုကရေစီအင်အားစုတွေနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးပြီး သဘောထားရယူသွားမယ်လို့ ဆိုရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013