ဘားအံမြို့ သရက်တော်ကျောင်းတိုက်က စာချသံဃာနှင့်ကိုရင် ၄၈ ပါး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
October 29, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သရက်တောကျောင်းတိုက်က စာချသံဃာတွေအပါအဝင် စာသင်သား ကိုရင် ၄၈ ပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက် ည ၆ နာရီ ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၄၅ ဦးမှာ သရက်တောကျောင်းတိုက်က စာချသံဃာတွေနဲ့ စာသင်သား ကိုရင် ၄၄ ပါးနဲ့ အခြားဒေသ (ရန်ကုန်တိုင်းဒေသကြီး) က လူနာ ၁ ဦးတို့ ပါဝင်ပါတယ်။
အောက်တိုဘာ ၂၆ ရက်ညက စာသင်သား ကိုရင် ၁ ပါး အနံ့ပျောက်တာကို ဓာတ်ခွဲစစ်ဆေးရာမှ ကိုဗစ်-၁၉ Positive ၄ ပါး စတင်တွေ့ရှိခဲ့ပြီးနောက် ၄၄ ပါး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကျော်စွာမြင့်က “ထိတွေ့မှုတော့ မရှိသလောက်လို့ သူတို့ပြောတယ်။ သေသေချာချာလေး Information က လိုက်နေတယ်။ ကျနော်တို့ ချထားတဲ့ စည်းကမ်းတွေနဲ့ညီအောင်နေ၊ မနေရင် ကူးဆက်မှုက ဘယ်သူမဆို ရှိလာနိုင်တယ်။” လို့ ပြောပါတယ်။
ပိုးတွေ့ရှိခဲ့တဲ့ ကျောင်းတိုက်အတွင်း စာချဆရာတော် ၁၀ ပါး၊ စာသင်သား ၁၃၀ ပါး ပရိယတ္တိစာပေတွေကို သင်ကြားနေတာဖြစ်ပြီး ကိုဗစ်ရောဂါကာလအတွင်း ကျောင်းဝန်းအတွင်း ဝင်ရောက် ဆွမ်းဆက်ကပ်တာတွေ ခွင့်မပြုပေမယ့် ကျောင်းဝန်းအနီးက အမှတ် ၂ ရပ်ကွက်အတွင်း ရောဂါပိုးတွေ့ရှိထားတဲ့အတွက် အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ထားတဲ့ နေရာဖြစ်ပါတယ်။
လက်ရှိ ကျောင်းတိုက်အတွင်း စာသင်သားတချို့ကို ရောဂါစောင့်ကြည့်မှုတွေ ဆောင်ရွက်နေသလို ပြည်နယ်အစိုးရက ဆွမ်းကိစ္စအတွက် စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ စာချ ဆရာတော်က မိန့်ပါတယ်။
ကရင်ပြည်နယ်မှာ ဆေးရုံတက်ရောက် ကုသဆဲလူနာ ၁၅၅ ဦး၊ မြဝတီနဲ့ လှိုင်းဘွဲမြို့က သေဆုံးလူနာ ၁ ဦးစီ ရှိပြီး ဒီကနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၃၅ ဦးထိရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့နယ်အတွင်း စောင့်ကြည့်လူနာတွေကို မူးယစ်ဆေးဖြတ်စခန်း၊ ဘားအံတက္ကသိုလ်၊ စံဖရီးတန်ဖိုးနည်းအိမ်ရာ၊ ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်တွေမှာ Facility Quarantine စင်တာဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်မှုတွေဆောင်ရွက်နေပါတယ်။
ရောဂါပိုးတွေရှိသူ များပြားလာတဲ့အတွက် ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာနေထိုင်ဖို့နဲ့ အပြင်ထွက်တဲ့အခါတိုင်း mask တပ်ဆင်သွားလာဖို့နဲ့ လူထူထပ်ရာတွေကို ရှောင်ရှားသွားလာဖို့ ပြည်နယ်ဦးစီးမှူးက တိုက်တွန်းထားပါတယ်။
ရဲမင်းခေါင်