ပီအက်စ်ဂျီ ၂-၀ အစ္စတန်ဘူလ်၊ နေမာဒဏ်ရာရရှိခဲ့မှု စိုးရိမ်ကြောင်း နည်းပြပြော (ရုပ်သံဟိုက်လိုက်)

အစ္စတန်ဘူလ် ဘတ်ရှာရှီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ လာမယ့်ပွဲစဉ်တချို့ကို လွဲချော်နိုင်ခြေရှိနေတယ်လို့ နည်းပြ သောမတ်စ်တူချယ်က ပြောပါတယ်။  ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဘယ်ဘက်ခြေထောက် အဆင်မပြေဖြစ်တာကြောင့် ပွဲချိန် ၂၆ မိနစ်မှာ တင် ပါဘလို ဆလားဘီးယားနဲ့ လူစားလဲခဲ့ရတာပါ။ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ၁၀ ရက်အတွင်း ၃ ပွဲကစားဖို့ ရှိနေပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် နန့်တက်၊ ရင်းနက်စ်တို့နဲ့ လီဂူးပွဲ၊ လိုက်ပစ်ဇ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိနေတာပါ။     နေမာဟာ အခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၆ ပွဲကစားပြီး ၂ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးထားတဲ့ ကစားသမားဖြစ်ကာ ဒီပွဲစဉ် ၃ ခုစလုံး လွဲချော်မှာကို နည်းပြတူချယ်က စိုးရိမ်နေပါတယ်။  “ကြိုတင်ကာကွယ်မှုအနေနဲ့ သူ့ကို လူစားလဲလိုက်ရတာပါ။ ကျနော်တို့အနေနဲ့ ကုသမှုရ‌လဒ်ကို စောင့်ဖို့လိုအပ်ပါတယ်။ သူ့ဒဏ်ရာဟာ မပြင်းထန်ပေမယ့် ကစားသမားကတော့ မသက်မသာဖြစ်နေပါတယ်။ ပွဲစဉ်ဇယားတွေ ကြပ်နေတဲ့အချိန်မှာ ကျနော်တို့ သူ့ကို ပွဲအနည်းငယ်လောက် ဆုံးရှုံးရမလား သေချာတော့မသိသေးပါဘူး” လို့ တူချယ်က ပြောပါတယ်။ ဒီနေ့မနက် အစောပိုင်းပွဲစဉ်မှာ နေမာကို ပထမပိုင်းကတည်းက ဆုံးရှုံးခဲ့ရပေမယ့် ပီအက်စ်ဂျီအသင်းဟာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။  တိုက်စစ်မှူးမွိုက်ကိန်းက ဒုတိယပိုင်းမှာ ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီဟာ  ပြီးခဲ့တဲ့ သီတင်းပတ် ယူနိုက်တက်အသင်းကို ရှုံးနိမ့်မှုကနေ ရုန်းထွက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် အစ္စတန်ဘူလ်အသင်းနဲ့ ပွဲစဉ်အပါအဝင် ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေရပါတယ်။  အသင်းရဲ့ခြေစွမ်းနဲ့အတူ တူချယ်ရဲ့အနာဂတ်အပေါ် မေးခွန်းထုတ်မှုတွေ များပြားလာပြီး တူချယ်ကတော့ ဒီမေးခွန်းတွေကို ကာကွယ်ပြောဆိုခဲ့ ကာ အသင်းရဲ့ခြေစွမ်း တိုးတက်ဖို့ လိုအပ်နေသေးတယ်ဆိုတာကိုတော့ ဝန်ခံသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up