မန်ယူ ၅-၀ လိုက်ပစ်ဇ်၊ ဟက်ထရစ်သွင်းပြီး မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့သည့် ရက်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူစားဝင်ကာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ၅ ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။ ဒီနေ့မနက်အစောပိုင်း ကစားတဲ့ လိုက်ပစ်ဇ်နဲ့ပွဲစဉ်မှာ ရက်ဖို့ဒ်ဟာ ပွဲကစားချိန် ၂၇ မိနစ်သာရှိခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မိနစ်အနည်းဆုံးကစားပြီး ဟက်ထရစ်ရရှိခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။  ဒီပွဲမှာ ရက်ဖို့ဒ်ဟာ ပွဲချိန် ၆၃ မိနစ်မှသာ လူစားဝင်ခွင့် ရရှိခဲ့တာပါ။ သူကွင်းထဲမဝင်ရောက်ခင်မှာ ယူနိုက်တက်အသင်းဟာ မေဆင်ဂရင်းဝုဒ်ရဲ့အဖွင့်ဂိုးကြောင့် ၁ ဂိုး ဂိုး မရှိ ရလဒ်နဲ့ပဲ အနိုင်ရရှိထားပါတယ်။     အဲ့ဒီနောက်အချိန်တိုအတွင်းမှာ ရက်ဖို့ဒ်က ဟက်ထရစ်ရရှိခဲ့ပြီး ဒီစွမ်းဆောင်ရည်ကြောင့် အမ်ဘတ်ပီ၊ ဝေါ်တာ ပန်ဒီယာနီ၊ ဂျို့စ်ဘာလော်ရန်တေး၊ အူဝီရော့စလာစတဲ့ ကစားသမားတွေနဲ့အတူ ချန်ပီယံလိဂ်မှာ လူစားဝင်ပြီး ဟက်ထရစ်ရရှိခဲ့တဲ့ ၅ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒါ့အပြင် ရက်ဖို့ဒ်ဟာ လူစားဝင်ပြီး ဟက်ထရစ်သွင်းတဲ့ ဒုတိယမြောက် ယူနိုက်တက်ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။  သူ့မတိုင်ခင် လက်ရှိနည်းပြ ဆိုးလ်ရှားက ၁၉၉၉ ဖေဖော်ဝါရီ၊ နော့တင်ဟမ်ဖောရက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အတွက် လူစားဝင်ပြီး ဟက်ထရစ်ရရှိခဲ့ဖူးပါတယ်။  ဟက်ထရစ်ရှင်ရက်ဖို့ဒ်က “မန်နေဂျာက ပွဲအရှိန်ကိုမြှင့်တင်ဖို့ ကျနော့်ကို ကွင်းထဲထည့်လိုက်တာလို့ ထင်ပါတယ်။ ကျနော်တို့ တိုက်စစ်ကို ပိုအာရုံစိုက်ရမယ့်သဘောပေါ့။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်နောက်တန်းမှာ နေရာလွတ်တွေ ရှိနေတယ်လေ။ ကျနော်တို့အသင်းမှ ဖာနန်ဒက်၊ ပေါ့ဘာတို့လို ဘောလုံးပေးပို့မှု ကောင်းတဲ့ ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ လိုက်ပစ်ဇ်နဲ့ပွဲမှာ ကျနော်တို့ ကောင်းမွန်တဲ့ အသင်းလိုက်စွမ်းဆောင် ရည်ကိုပြသနိုင်ခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လိုက်ပစ်ဇ်အသင်းဟာ high-tempo pressing ကစားပုံနဲ့ ယူနိုက်တက်အသင်းကို ဖိအားပေးနိုင်ခဲ့ပြီး ဂရင်းဝုဒ်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပေမယ့် ရက်ဖို့ဒ်ဝင်မလာခင်အချိန်အထိ ယူနိုက်တက် အသင်းကို ကစားရခက်စေခဲ့ပါတယ်။  ဒါပေမယ့် ရက်ဖို့ဒ်ဝင်လာပြီးနောက်မှာတော့ ယူနိုက်တက်အသင်းက ဂိုးတွေ ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး မာရှယ်ကလည်း ပင်နယ်တီကနေတစ်ဆင့် သွင်းဂိုးရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up