ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအမိန့်များ နိုဝင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်တွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို နိုဝင်ဘာ  ၃၀ ရက်အထိ ထပ်မံ ရက်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ဖို့လိုအပ်တဲ့အတွက် အောက်တိုဘာ ၃၁  ရက်အထိ ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို  ( ဖြေလျှော့ တိုးမြှင့်ဖို့ လုပ်အပ်သည့်ကိစ္စများမပါ)  သက်တမ်းတိုးမြှင့်လိုက်တာလို့  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက  အောက်တိုဘာ ၂၈ ရက် ညမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေထဲမှာ  လူ ၃၀ ထက်ပိုပြီး လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။  ရန်ကုန်တိုင်းမှာတော့ ကိုကိုးကျွန်းကလွဲပြီး Stay at Home အမိန့်ထုတ်ထားသလို မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က    ၁၁ မြို့နယ်မှာလည်း  Stay at Home အမိန့်ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ မဲရုံတွေမှာ  လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်ပြုတဲ့ အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။  အလားတူ ရန်ကုန်တိုင်းအပါအဝင် Stay at home အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း ပြည်သူတွေအနေနဲ့ ကြိုတင်ဆန္ဒမဲ‌ ပေးရမယ့်နေရာတွေကို သွားရောက်ဆန္ဒမဲပေးနိုင်သလို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကို သွားရောက်ဆန္ဒမဲပေးနိုင်ဖို့ ခြွင်းချက်အနေနဲ့ ခွင့်ပြုကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးက အောက်တိုဘာ ၂၅ ရက်စွဲနဲ့  ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၉,၀၇၂ ယောက်၊ သေဆုံးသူ ၁,၁၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၈,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up