ကာတာနိုင်ငံ ဟာမဒ်လေဆိပ်မှာ သြစတြေးလျနိုင်ငံသား အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် အသေးစိတ်ရှာခဲ့တဲ့ ကိစ္စကို လက်သင့်မခံနိုင်ကြောင်းနဲ့ ဆိုးဆိုးရွားရွား စိတ်ပျက်မိတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့တ်မာရှယ်က ပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့က အမျိုးသမီးတွေဟာ လေယာဉ်ပေါ်ကနေ အတင်းဆင်းခိုင်းခံရပြီး လူနာတင်ယာဉ်ပေါ်မှာ ရှာဖွေ ခံခဲ့ရတာပါ။
ဒီဖြစ်ရပ်ကို လေယာဉ်ပေါ် ပါလာတဲ့ သြစတြေးလျ အမျိုးသမီး သံတမန်တယောက်က သြစတြေးလျ အစိုးရကို အကြောင်းကြားခဲ့တာပါ။
ဒါဟာ ထိတ်လန့်စရာပဲလို့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ပထမအတွင်းဝန် ဖရန့်စ်အဒမ်ဆန်က ပြောပါတယ်။ လေယာဉ်ပေါ်က သြစတြေးလျ သံတမန်ကတော့ အရှာမခံရပါဘူး။
သြစတြေးလျ အစိုးရဟာ ဒီအရေးနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေတယ်လို့ နိုင်ငံတွေရဲ့ နာမည်ကို မထုတ်ဖော်ဘဲ အစိုးရကော်မတီ ကြားနာပွဲမှာ အရာရှိတွေက ပြောပါတယ်။
လေဆိပ်အမှိုက်ပုံးထဲမှာ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ မိန်းကလေးငယ်တယောက်ကို ရှာတွေ့ခဲ့အပြီးမှာ ဒါဟာ ကလေးကို သတ်ဖို့ ကြိုးစားတဲ့ ထိတ်လန့်စိတ်ပျက်စရာ ဖြစ်ရပ်ပဲလို့ ကာတာ အစိုးရ ဆက်သွယ်ရေးအရာရှိက ကြေညာချက် ထုတ်ပြန်ပါတယ်။