ဗိုလ်ချုပ်အောင်ဆန်း ပိုင်ဆိုင်ခဲ့သည့်ဓား ဂျပန်နိုင်ငံတွင် ပြုပြင်မည်
ဇော်ဇော်လှိုင်
·
October 28, 2020
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပိုင်ဆိုင်ခဲ့တဲ့ဓားကို ဂျပန်နိုင်ငံမှာပြုပြင်ဖို့ Japan Foundation က အောက်တိုဘာလ ၂၆ ရက်နေ့က မြို့တော်ဝန်ရှေ့မှတဆင့် အိုခယမ ခရိုင်ဆဲတိုအုချီမြို့ရှိ နာမည်ကျော် ဂျပန်လူမျိုးဓားပြင်သုတေသီပညာရှင် မစ္စတာယိုကိုယာမဆီ အပ်နှံခဲ့တယ်လို့ ဂျပန် အိုခယမခရိုင်စံယို သတင်းစာမှာ ဖော်ပြပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြုဖို့ အကူအညီ တောင်းခံတာကြောင့် လက်ခံရယူခဲ့တာလို့ ဂျပန်ဖောင်ဒေးရှင်းမှ မစ္စတာ Yuji Mori ယူဂျီမိုရီက ပြောပါတယ်။
ဓားမှာ အရှည်၆၉.၁ စင်တီမီတာရှိကာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်မှာ ဂျပန်တပ်မဟာ ၁၅ မြန်မာနိုင်ငံတပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး Shojiro Iida ကို Asahi Shimbun ဥက္ကဋ္ဌက ဂုဏ်ပြုပေးအပ်ခဲ့တာပါ။
အဲ့ဒီနောက်မှာ ဗိုလ်ချုပ်ကြီးက ဗိုလ်ချုပ်အောင်ဆန်းကို ထပ်မံဂုဏ်ပြုပေးအပ်ခဲ့ပုံရပြီး ဒီ ဓားဟာ အရေးပါတဲ့ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုင်ဆောင်ခဲ့တဲ့ ဓားမှာ လောလောဆယ် သံချေးတွေနဲ့ ပြည့်နှက်နေပြီး နိုဝင်ဘာ ၁ ရက်နေ့ စတင် ပြုပြင်မှာဖြစ်ပြီး အချိန် ၁ နှစ်လောက် ကြာမြင့်နိုင်ကာ ရှေ့နှစ် အောက်တိုဘာလလောက်မှာ ဂျပန်ဖောင်ဒေးရှင်းမှတဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ ပြန်လည်ပေးပို့မယ်လို့ ဖော်ပြထားပါတယ်။