မြစ်ကြီးနားမျက်မမြင်ကျောင်း၌ ကိုဗစ်ကာလ စားဝတ်နေရေး အခက်ကြုံနေ
DVB
·
October 28, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ ကိုဗစ်-၁၉ ကာလ ကျောင်းသားနဲ့ ကျောင်းဝန်ထမ်း ၁၀၀ ကျော်အတွက် စားဝတ်နေရေး ခက်ခဲနေတယ်လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။
ကိုဗစ်ကာလမှာ လာရောက်လှူဒါန်းတဲ့သူ မလာတော့တဲ့ အတွက် ကျောင်းသားနဲ့ ဝန်ထမ်းတွေဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာပါ။
မျက်မမြင်ကျောင်းအုပ်ဆရာကြီး ဦးလမုန်ကန်ဖန်က "ခါတိုင်းလာနေတဲ့ အလှူရှင်တွေလည်း မလာတော့ဘူး။ ကိုယ့်ခြေထောက်ကိုယ်ရပ်တည် နေရတော့ စားဝတ်နေရေး အခက်အခဲ ရှိတယ်။ အရင်ကတော့ခရီးသွား လာသူများတဲ့အတွက် ပြည်တွင်းအလှူရှင်အတော် အများလာတယ်။ မြစ်ကြီးနားက လာလှူတဲ့သူတွေလည်း သိပ်မရှိတော့ဘူး။” လို့ပြောပါတယ်။
အလှူရှင်မရှိသည့်အခါ လူတစ်ဦးလျှင် တစ်နေ့ ကျပ် ၈၀၀ နှုန်း ကျွေးမွေးပြီး အလှူရှင်ရှိတဲ့ အခါဆိုရင်တော့ တစ်နေ့ကို ကျပ် ၁၅၀၀ နှုန်း အသားဟင်းနဲ့ ကျွေးမွေးကာ အခု ကိုဗစ်ကာလမှာ အလှူရှင်မရှိတော့တဲ့အတွက် ကျောင်းသူကျောင်းသားနဲ့ ဝန်ထမ်းတွေကို အသီးအရွက်တွေနဲ့သာ ကျွေးမွေးခဲ့ရကြောင်း မျက်မမြင်ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။
မျက်မမြင်ကျောင်းအနေနဲ့ ကိုဗစ်ကာလ အစိုးရကျောင်းများနည်းတူ ပိတ်ထားတဲ့အတွက် မိဘတွေထံ ပြန်သွားတဲ့ကျောင်းသားတွေလည်းရှိပြီး မပြန်နိုင်တဲ့ ကျောင်းသားတွေအတွက် အနှိပ်ပညာနဲ့ တခြားလက်မှုပညာတွေလည်း ဆက်လက် သင်ကြားပေးနေတယ်လို့ မြစ်ကြီးနား မျက်မမြင်ကျောင်းထံက သိရပါတယ်။
ကချင်ပြည်နယ်မှာ တစ်ကျောင်းတည်းသာရှိတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းကို ၁၉၈၁ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အစိုးရဘတ်ဂျက် နိုင်ငံတကာအလှူရှင်တွေမပါပဲ ပြည်တွင်း အလှူရှင်တွေနဲ့သာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။
သတင်း - ထူးထူး(ဗိုလ်ကလေး)