ရန်ကုန်မှ အလုပ်သမားတင်လာသည့် PPEဝတ် ယာဉ်မောင်း ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃လစီ ချမှတ်

PPE ၀တ်စုံတွေ ဝတ်ဆင်ပြီး ရန်ကုန်ကနေ အလုပ်သမား ၂၅ ဦးကို ကားသုံးစီးနဲ့ တင်ဆောင်မောင်းနှင်လာတဲ့ ယာဉ်မောင်းအမျိုးသားသုံးဦးကို မိတ္ထီလာမြို့နယ်တရားရုံးကနေ အောက်တိုဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်သုံးလချမှတ်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံက သိရပါတယ်။ ကိုဗစ်ကာလအတွင်း ခရီးသွားလာခွင့်တွေပိတ်ထားတာကြောင့် ရန်ကုန်မြို့ လှိုင်သာယာကနေ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို ပြန်ဖို့အတွက် ကားတစ်စီးကို ငွေကျပ် ၃ သိန်းခွဲနဲ့ ကားသုံးစီးငှားရမ်းကာ အလုပ်သမား ၂၅ ဦးသယ်ဆောင်လာတဲ့ ယာဉ်မောင်း ၃ ဦးအား အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက မိတ္ထီလာမြို့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကားသုံးစီးပေါ်မှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၀ ဦးနဲ့ ယာဉ်မောင်း ၃ ဦး လိုက်ပါလာခဲ့ပြီး ကားတွေဟာ အရေးပေါ်မီးတန်းတပ်ဆင်ကာ ပရဟိတ ကား အယောင်ဆောင်ပြီး မိတ္ထီလာမြို့ကနေဖြတ်သန်းခဲ့ပြီး ကျောက်ပန်းတောင်းမြို့အရောက်မှာ အဝင်မခံလို့ မိတ္ထီလာကို ပြန်လှည့်လာရာက စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူ တစ်ဦးက "ဒီနေ့ ကွာရန်တင်းပြည့်လို့ တခါတည်း တရားစွဲတင်လိုက်တာပါ၊ မိတ္ထီလာမြို့နယ် တရားရုံးကနေ အလုပ်နဲ့ထောင် ၃ လ  ချလိုက်ပါတယ်" လို့ ပြောပါတယ်။ အလုပ်သမား ၂၅ ဦးကိုတော့ နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့​ကာ ယာဉ်မောင်း ၃ ဦးအား မိတ္ထီလာမြို့နယ်ရှိ အထက ၁ ကျောင်းမှာ  ကွာရန်တင်းထားရှိခဲ့ပြီးနောက်   မိတ္ထီလာမြို့မရဲစခန်းမှာ သဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း

//
More News
Up