ကယားတွင် ကိုဗစ်-၁၉ လူနာသစ် ၁ ဦးထပ်တိုး၊ စုစုပေါင်း ၈ ဦးရှိလာ
DVB
·
October 28, 2020
လွိုင်ကော်ပညာရေးကောလိပ်က ကာရန်တင်းစင်တာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ နောက်ထပ် ၁ ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်း လူနာ ၈ ဦးရှိပြီလို့ သိရပါတယ်။
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခံထားရသူ ၁၁၄ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အောက်တိုဘာ ၂၅ ရက်နေ့က တောင်ကြီးပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးခဲ့ရာ ၁ ဦးမှာ ရောဂါပိုးတွေ့ရှိတာလို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ပိုးတွေ့လူနာဟာ ပညာရေးကောလိပ်မှာ ကွာရန်တင်း ဝင်နေသူဖြစ်ပြီး လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဖော်ပြပါတယ်။
သူဟာ ယာဉ်မောင်းအမျိုးသား တဦးနဲ့အတူ ရန်ကုန်ကနေ ကုန်တင်ဆောင်လာပြီး လွိုင်ကော်မြို့ ဝါရီကောခူဂိတ်ကို အောက်တိုဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့ကာ ယာဉ်ပေါ်ညအိပ်ရပ်နားခဲ့ပါတယ်။
၁၁ ရက်နေ့မှာတော့ သူတိ့ကို ရွှေလွိုင်ကော် ပရဟိတကားနဲ့ လွိုင်ကော်မြို့ ပညာရေးကောလိပ် ပို့ဆောင်ခဲ့ပြီး ကွာရန်တင်း ဝင်ရောက်နေကြတာပါ။
သူတို့ ၂ ဦးရဲ့ ဓာတ်ခွဲနမူနာကို အောက်တိုဘာ ၁၈ ရက်နေ့ ပထမအကြိမ်စစ်ဆးခဲ့ရာမှာ ရောဂါပိုး မတွေ့ရှိပေမဲ့ ၂၅ ရက်နေ့ ဒုတိယအကြိမ်ထပ်မံစစ်ဆေးရာမှာ တဦးက ပိုးတွေ့ရှိခဲ့တာလို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
လူနာရဲ့ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေတယ်လို့ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်ကို ပြောင်းရွှေ့ စောင့်ကြပ်ကြည့်ရှုကုသပေးနေပါတယ်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတဲ့ ကိုဗစ်-၁၉ လူနာ ၇ ဦးလုံးရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရကနေ့ကနေ အောက်တိုဘာ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးရှိလာပြီဖြစ်ပြီး ၇ ဦးကိုတော့ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေကာ ၁ ဦးကတော့ အောင်ပန်းကုတင် ၇၀၀ စစ်ဆေးရုံကို အောက်တိုဘာ ၂၅ ရက်နေ့က လွှဲပြောင်းပေးထားပါတယ်။