မိုင်းပန်ကို မဲရုံပစ္စည်းလာပို့သည့် လင်းခေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်ခတ်ခံရ၊ ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်အတွက် မဲရုံပစ္စည်းတွေ လာရောက်ပို့ဆောင်တဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ သေနတ် အပစ်ခံရတာကြောင့် ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိုင်းပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောပါတယ်။ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ မိုင်းပန်မြို့နယ်အတွက် မဲရုံပစ္စည်းတွေကို လာရောက်ပို့ဆောင်ပြီးအပြန် မြို့ပြင်ဘက်မှာ အောက်တိုဘာ ၂၇ရက်  နေ့လယ် ၁ နာရီလောက်က အပစ်ခံရတာဖြစ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ပေါင်ကို ကျည်ထိမှန်ပြီး အရိုးကျိုးသွားပြီး ရုံးအုပ် ၁ ဦးကတော့ ဒူးကို ကျည်ထိမှန်ခဲ့ကာ ၂ ဦးလုံးကို တောင်ကြီးဆေးရုံသို့ ပို့ဆောင်ကုသထားတယ်လို့  မိုင်းပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဟန်ဌေးက ဒီဗွီဘီကိုပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ အခြေအနေနဲ့ ပတ်သက်ပြီး လူနာကို တောင်ကြီးဆေးရုံသို့ ပို့ ဆောင်ပေးခဲ့သူ လင်းခေးကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးကလည်း အခြေအနေစိုးရိမ်စရာမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။  “ဘယ်လိုအပစ်ခံရသလဲဆိုတဲ့ဖြစ်စဉ်ကိုတော့ ကျနော်တို့မသိပါဘူးခင်ဗျာ။ ကျနော်တို့ တာဝန်ကတော့ ဒဏ်ရာရသူကို လင်းခေးကနေ တောင်ကြီးဆေးရုံကို ပို့ပေးတာပါ။ ဒဏ်ရာက အထဲကကျည်ဆံကို ခွဲထုတ်ရမှာမို့ လင်းခေးဆေးရုံကနေ တောင်ကြီးကိုလွှဲလိုက်ပါတယ်။ ကျနော်တို့ လင်းခေးကြက်ခြေနီအဖွဲ့က ဆေးရုံကားနဲ့လိုက်လာတာပါ။ ဒဏ်ရာရသူတွေကသတိ မေ့တာတော့မရှိပါဘူး။ စကားလည်းပြောနိုင်ပါတယ်၊ မစိုးရိမ်ရပါဘူး။ ”  ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ မိုင်းပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ   ဦးဟန်ဌေးက ပြောပါတယ်။ သတင်း- ထက်ဝေအောင်/ နန်းမြနဒီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up