ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာ
DVB
·
October 27, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ကြေညာထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက ကျေးရွာအုပ်စု တချို့မှာတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြန်လည် ထုတ်ပြန် ကြေညာထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမယ့်နယ်မြေစာရင်းကနေ ပယ်ဖျက်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့် ကျေးရွာအုပ်စုတွေထဲမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက ဂုံးချိန်ကျေးရွာအုပ်စု၊ စစ်တော ကျေးရွာအုပ်စု၊ အဝတောင် ကျေးရွာအုပ်စု၊ အမ်းမြို့နယ်ထဲက အမ်းမြောက်ကျေးရွာ အုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စုနဲ့ အမ်းတောင် ကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။
အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့နယ် မူဆယ်မြို့ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စုနဲ့ ကွမ်းလုံမြို့နယ် မန်ပြိန်းကျေးရွာအုပ်စုတို့မှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြန်လည်ကြေညာလိုက်ပါတယ်။
အဆိုပါရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ လွတ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ထပ်မံစိစစ်တင်ပြချက်အရခုလို ကြေညာလိုက်တာလို့လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။