Home
မြန်မာသတင်း
အန်အယ်လ်ဒီယာဉ်တန်းအား အော်ဟစ်ဆဲဆို ခဲဖြင့်ပစ်ပေါက်ခဲ့သူ ၁ ဦးကို ပခုက္ကူရဲစခန်း၌ အမှုဖွင့်
DVB
·
October 27, 2020
122906292_2450447385256708_2887018638187938658_o
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက်နေ့က အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး လှည့်လည်တဲ့ယာဉ်တန်းကို ကားနဲ့ပိတ်ဆို့ကာ ခဲနဲ့ ပစ်ပေါက်ခဲ့တဲ့ အမျိုးသား ၁ ဦးကို  ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ ပခုက္ကူ မြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဌေးက "အန်အယ်လ်ဒီ ပါတီ လှည့်လည်စည်းရုံးရေး လုပ်တဲ့ အချိန်မှာ လူတစ်ယောက်က ဖြတ်မောင်းလို့ ပါတီစည်းရုံးရေးမှာ ပါဝင်တဲ့ ကောင်မလေး တစ်ယောက်ရဲ့ ခြေထောက်ကို ဆိုင်ကယ်နဲ့ တက်နင်းမိပြီး မောင်းပြေးတယ်"လို့  ပြောပါတယ်။ အဲဒီလိုမောင်းပြေးပြီးနောက် အန်အယ်လ်ဒီ ပါတီအောင်နိုင်ရေးလှည့်လည်တဲ့ လမ်းရှေ့ကနေ လိုက်ထရပ်ကားနဲ့ ပိတ်ရပ်ပြီးတော့ သံတုတ်တစ်ချောင်းကိုင်ထားကာ အော်ဟစ် ဆဲဆို ခဲနဲ့ပစ်ပေါက်ခဲ့လို့  အမျိုးသမီးတစ်ဦးကို ထိမှန်သွားကာ ကားမောင်းထွက်ပြေး သွားတယ်လို့ ဆိုပါတယ်။ ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက "အဲဒီလူက ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက် ပါတီအောင်နိုင်ရေး လှည့်လည်တာကို ပထမအကြိမ်မှာ ဆိုင်ကယ်နဲ့ နှောင့်ယှက်ပြီး ကားယူလာပြီး နှောင့်ယှက်လို့ ပါတီ ဒုဥက္ကဋ္ဌက အဖွဲ့ဝင်တစ်ဦးကို ဓာတ်ပုံမှတ်တမ်း ယူဖို့ခိုင်းတဲ့အချိန်မှာ လမ်းကျောက်ခဲနဲ့ ပစ်ပေါက်လို့ နောက်ကျောကို ထိမှန်ခဲ့တဲ့အတွက် ပခုက္ကူမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်"လို့ ပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို ပခုက္ကူမြို့မရဲစခန်းမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၃၃၇၊ အများပြည်သူသွားတဲ့လမ်းကို ပိတ်ဆို့တဲ့အတွက် ပုဒ်မ ၃၄၁၊ မကြားဝံ့​မနာသာ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ခဲနဲ့ ပစ်ပေါက်လို့ဒဏ်ရာရတဲ့အတွက် ပုဒ်မ ၃၂၃ နဲ့အမှုဖွင့် အရေးယူထားတယ်လို့ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024