Home
မြန်မာသတင်း
ရေစကြိုမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ်များ ရွှေ့ပြောင်း
DVB
·
October 27, 2020
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာမှာ မြစ်ကမ်းပါးပြိုကျနေတာ​ကြောင့် အန္တရာယ်ရှိတဲ့ မြစ်ကမ်းပါးက လူနေအိမ်တွေကို အောက်တိုဘာ ၂၆ ရက်က စတင် ရွှေ့ပြောင်းပေးနေရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ အောင်ပန်းချောင်းကျေးရွာမှာ မြစ်ကမ်းပါးပြိုကျနေတာကြောင့် အောက်တိုဘာ ၂၆ ရက်နေ့မှာ လူနေအိမ် ၄၇ လုံးကို ဖြိုဖျက်ရွှေ့ပြောင်းပေးခဲ့ရပြီး  ထပ်မံ ရွှေ့ပြောင်းဖို့ လူနေအိမ် ၁၃ လုံး ကျန်ရှိနေသေးတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးညီညီအောင်က ပြောပါတယ်။ "အောင်ပန်းချောင်းကျေးရွာက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံတဲ့ မြစ်ဆုံနေရာမှာရှိတာပေါ့။ အခုက ချင်းတွင်းမြစ်ကရေတက်တော့ ကမ်းစပြိုတာ ၂ ရက်ရှိပြီ ဦးတို့ ဒီနေ့ လူနေအိမ် ၄၇ လုံးဖျက်ပြီးရွှေ့ပေးနေရတယ်။ နောက်ထပ်ကထပ်ဖျက်ရွှေ့ဖို့ ၁၃ လုံးလောက်တော့ ကျန်သေးတယ်'' အောင်ပန်းချောင်းကျေးရွာမှာ ၂၀၁၂ ခုနှစ်ကစတင်ပြီးတော့ မြစ်ကမ်းပါးစတင်ပြိုကျခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်လောက်မှာတော့  မြစ်ကမ်းပါးပြိုကျမှု  အခြေအနေ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့တာဖြစ်တယ်လို့ အောင်ပန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ အခုအချိန်မှာ မြစ်ကမ်းပါးပြိုကျတာကြောင့် လူနေအိမ်တွေဖြိုဖျက်ထားရတဲ့ အိမ်ထောင်စု တွေအနေနဲ့ အိမ်ပြန်လည်ဆောက်ဖို့ ငွေကြေးနဲ့စားသောက်ရေးအတွက် အခက်အခဲ ရှိနေကြပါတယ်။  ဒါ့အပြင် လတ်တလော နေစရာ နေရာမရှိသေးတဲ့အတွက် သူတို့ရဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ခိုကပ်နေထိုင်နေကြရတယ်လို့ အောင်ပန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အုပ်ချုပ်အုပ်စုရေးမှူးဦးစိုးဝင်းက ပြောပါတယ်။ အခုလို အောင်ပန်းချောင်းကျေးရွာ မြစ်ကမ်းပါးပြိုကျနေတာဟာ ချင်းတွင်းမြစ်ရေ ပြန်လည် မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  ရေစကြိုမြို့မှာ ချင်းတွင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၂၈ ဒသမ ၇ပေ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက်ကနေ့က ရေစကြိုမြို့ရဲ့ ချင်းတွင်းမြစ်ရေ ရေမှတ်ဟာ  ၁၉ ဒသမ ၈ ပေရှိနေရာကနေ အောက်တိုဘာ ၂၆ ရက်မှာ  ရေမှတ်မှာ ၂၄ ဒသမ ၈ ပေထိမြင့်တက်နေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြစ်ရေမှတ်တမ်းအရ သိရပါတယ်။  သတင်း - အိဝါမောင်၊ ဓာတ်ပုံ - မီးသတ်ဦးစီးမှူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024