ကိုဗစ်-၁၉ လူနာ ၂၇ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၄၂၆ ဦး ထပ်တိုး
မြတ်နိုးအောင်
·
October 26, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၄၂၆ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၇ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၇ ယောက်ထဲမှာ ၂၄ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၅ ရက် ည ၈ နာရီမှ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၄၀၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၄၂၆ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာ ခြင်း မရှိသေးပါဘူး။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၅၅၈ ယောက်အား နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၆ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၆,၂၀၀ ယောက်၊ သေဆုံးသူ ၁,၁၂၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၆,၀၀၇ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၁ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။