မန္တလေး ကန်တော်နဒီဆေးရုံက ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး
DVB
·
October 26, 2020
မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး အောက်တိုဘာ ၂၅ ရက် ည ၈ နာရီ လောက်က သေဆုံးခဲ့တယ်လို့ ဆေးရုံတာဝန်ခံ ဒေါက်တာသက်ပိုင်ဦးက အတည်ပြုပြောပါတယ်။
အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းကလည်း သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး တစ်ဦးဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က အသက်(၇၅)နှစ်အရွယ် အမျိုးသမီးဖြစ်ကာ သွေးတိုး ဆီးချိုရှိသူ ဖြစ်ပါတယ်။ ကျန် တစ်ဦးမှာ စစ်ကိုင်းမြို့က အသက်(၆၂)နှစ်အရွယ် အမျိုးသား ဖြစ်ပြီး အသည်းခြောက်တာ ၊ Bပိုး C ပိုး ရှိတယ်လို့ သိရပါတယ်။
နောက်ဆုံးသေတဲ့ အသက် (၃၀) ကျော်အရွယ် အမျိုးသားမှာလည်း လည်ချောင်းနဲ့ လျှာကင်ဆာ ရောဂါရှိသူဖြစ်တယ်လို့ ကန်တော်နဒီဆေးရုံ တာဝန်ခံ ဒေါက်တာသက်ပိုင်ဦး က ဆိုပါတယ်။
သေဆုံးသူဟာ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကိုဗစ်စည်းမျဉ်းနဲ့အညီ သင်္ဂြိုဟ်ခဲ့ ပါတယ်။
မန္တလေးမှာ စက်တင်ဘာ ၁၆ ရက်က အသက် (၈၀)ရှိ အမျိုးသမီးတစ်ဦး၊ အောက်တိုဘာ ၃ ရက်က အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အောက်တိုဘာ ၂၂ ရက်က အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးထားပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ အောက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁,၃၁၃ ယောက်ရှိပြီဖြစ်ပြီး ၆၀၀ နီးပါး ဆေးရုံတက်နေဆဲလို့ မန္တလေးတိုင်း အစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
သတင်း - နိုင်လင်းဦး