မန္တလေး ကန်တော်နဒီဆေးရုံက ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး 

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အသက် ၃၀  ကျော်အရွယ် အမျိုးသားတစ်ဦး အောက်တိုဘာ ၂၅ ရက် ည ၈ နာရီ လောက်က သေဆုံးခဲ့တယ်လို့ ဆေးရုံတာဝန်ခံ ဒေါက်တာသက်ပိုင်ဦးက အတည်ပြုပြောပါတယ်။ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းကလည်း သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး တစ်ဦးဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က အသက်(၇၅)နှစ်အရွယ် အမျိုးသမီးဖြစ်ကာ သွေးတိုး ဆီးချိုရှိသူ ဖြစ်ပါတယ်။ ကျန် တစ်ဦးမှာ စစ်ကိုင်းမြို့က အသက်(၆၂)နှစ်အရွယ် အမျိုးသား ဖြစ်ပြီး အသည်းခြောက်တာ ၊ Bပိုး C ပိုး ရှိတယ်လို့ သိရပါတယ်။ နောက်ဆုံးသေတဲ့ အသက် (၃၀) ကျော်အရွယ် အမျိုးသားမှာလည်း လည်ချောင်းနဲ့ လျှာကင်ဆာ ရောဂါရှိသူဖြစ်တယ်လို့ ကန်တော်နဒီဆေးရုံ တာဝန်ခံ ဒေါက်တာသက်ပိုင်ဦး က ဆိုပါတယ်။ သေဆုံးသူဟာ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကိုဗစ်စည်းမျဉ်းနဲ့အညီ သင်္ဂြိုဟ်ခဲ့ ပါတယ်။ မန္တလေးမှာ စက်တင်ဘာ ၁၆ ရက်က အသက် (၈၀)ရှိ အမျိုးသမီးတစ်ဦး၊ အောက်တိုဘာ ၃ ရက်က အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အောက်တိုဘာ ၂၂ ရက်က အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဟာ ကိုဗစ်-၁၉  ရောဂါနဲ့ သေဆုံးထားပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ အောက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၁,၃၁၃ ယောက်ရှိပြီဖြစ်ပြီး ၆၀၀ နီးပါး ဆေးရုံတက်နေဆဲလို့ မန္တလေးတိုင်း အစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။ သတင်း - နိုင်လင်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up