ကုန်တင်ယာဉ်မောင်း ၂ ဦးတွင် ပိုးတွေ့ပြီး ကယားပြည်နယ်၌ ကိုဗစ်-၁၉ လူနာ ၇ ဦးအထိရှိလာ
နော်နိုရင်း
·
October 26, 2020
ကယားပြည်နယ်၊ ရှမ်း-ကယားနယ်စပ် ဝါရီကောခူ အထက်တန်းကျောင်းခွဲမှာ ဖွင့်လှစ်ထားတဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးတွေ့ ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနက အတည်ပြုပြောပါတယ်။
အဆိုပါအတည်ပြုလူနာတွေဟာ ကုန်တင်ယာဉ်မောင်းသမားတွေဖြစ်ပြီး တစ်ဦးမှာ ရန်ကုန်က ဖြစ်ကာ နောက်တဦးကတော့ နေရာအတိအကျ မသိရသေးပါဘူး။ လူနာသစ် ၂ ဦး စလုံးကိုတော့ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားသလို သူတို့နဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ကွာရန်တင်းစင်တာမှာပို့ဆောင်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။
“တွေ့တဲ့နှစ်ယောက်ကို။ ပထမတယောက်ဟာက သူတို့အဲဒီမှာ ကွာရန်တင်း ၉ ယောက်လာမသိဘူး သူတို့ပေါင်းပြီးတော့ နေကြတယ်။ အိပ်ကြတယ်။ အဲဒီ ၉ ယောက်ကို ကျနော်တို့စစ်လိုက်တယ်။ အကုန် Nagative ပဲဗျာ။ သို့သော် သူတို့ကို သီးသန့်တခါခွဲထားတယ်။ ခွဲထားပြီးတော့ အခု ကျနော်တို့က နတလ (ကွာရန်တင်းစင်တာ) ကိုပို့လိုက်တယ်။ ပြီးရင် သူတို့ကို နောက် ၂ ရက်လောက်ကျရင် တခေါက်ပြန်စစ်ဦးမယ်။ Nagative ပဲဆိုရင်တော့ သူတို့ကို ပေးထွက်မယ်။ နောက်တယောက်ကျတော့ မနေ့ကမှ ရောက်တယ်ပြောတယ်ဗျာ။ ရန်ကုန်ကနေ။ အဲမှာ driver က ပိုးတွေ့တယ်။ စပယ်ယာက Nagative။ ” အခုလိုကုန်တင် ယာဉ်ရပ်နားစခန်းမှာ ပိုးတွေ့တဲ့အတွက် ယာဉ်မောင်းတွေအကြား ပိုးကူးစက်မှာကို စိုးရိမ် ထိတ်လန့် နေကြသလို ပြည်နယ်တွင်း ကားသမားတွေနဲ့ တခြားဒေသက ကားသမားတွေကို သီးခြားခွဲထားပေးဖို့ လိုလားနေကြပါတယ်။
လွိုင်ကော်ကုန်တင်ယာဉ်မောင်း ကိုကျော်ရဲက “ ပြည်နယ်ကကားတွေကို သတ်သတ်ထားပေး၊ တခြားနယ်စိမ်းကလာတဲ့ကားတွေဆိုရင်လည်း သတ်သတ်ထားပေး၊ အဲဒါဆိုရင်ရတယ်။ အခုက ရောထားတဲ့အခါကျတော့ အဆင်မပြေတော့ဘူး ကျနော်တို့က၊ ကျနော်တို့ ဒေသခံကားတွေက ရောဂါပိုးလည်းမရှိဘူးဗျာ။ တခြားဒေသကလာတဲ့ကားတွေက ရောဂါပိုးသယ်လာမယ်ဆိုရင်အကုန်ကူးကုန်မှာပဲ။ စိုးရိမ်တာပေါ့နော်။ ”
ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၇ ဦးအထိရှိပြီ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ ပြည်နယ် ပြင်ပပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို အောက်တိုဘာ လကုန်အထိ ယာယီရပ်နားထားပြီး ကုန်စည်စီးဆင်မှု မပြတ်တောက်စေရေး ကုန်တင်ယာဉ်တွေကို ဝါရီကောခူ အထက ခွဲမှာ ရပ်နားစေပြီး ကုန်စည်သယ်ယူမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ယာဉ်မောင်းယာဉ်နောက်လိုက်တွေအနေနဲ့ ၃ ရက် တကြိမ် နှာခေါင်းနဲ့ အာခေါင် တို့ဖတ် ဓာတ်ခွဲ နမူနာယူ စစ်ဆေးပြီး ကျန်းမာရေးထောက်ခံချက်နဲ့ ကုန်စည်တွေကို သယ်ယူပို့ဆောင်နေကြတာဖြစ်ပါတယ်။
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်နယ်စပ်ရှိ လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာမှာဖွင့်လှစ်ထားတဲ့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို RDT စနစ်နဲ့ စစ်ဆေးပေးနေရာ အောက်တိုဘာ ၂၄ ရက်နေ့အထိ ကုန်တင်ယာဉ်အစီးရေ ၆၀၈ စီး ၊ လူဦးရေ ၉၁၂ ယောက်ကို စစ်ဆေးထားပြီးဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရ သူတွေထဲက ၁၁၄ ဦးတို့ရဲ့ဓာတ်ခွဲနမူနာကို တောင်ကြီးပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနကို ပေးပို့ထားပြီး အဖြေကို စောင့်ဆိုင်းနေပါတယ်။
လွိုင်ကော်ပြည်သူ့ဆေးရုံမှာတက်ရောက်ကုသနေတဲ့ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်နေကြောင်းလည်း ပြည်နယ်အစိုးက ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။