မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၉၇ ဦး စံချိန်တင်တွေ့ရှိ
DVB
·
October 26, 2020
မကွေးတိုင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၇ ဦး စံချိန်သစ်တင် တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနရဲ့ စစ်ဆေးချက်အရ တောင်တွင်းကြီးမြို့နယ်မှာ ၃၃ ဦး၊ မြို့သစ်မြို့နယ်က ၃၂ ဦး၊ ရေနံချောင်မြို့နယ်က ၉ ဦး၊ မင်းဘူးမြို့နယ်က ၇ ဦး၊ အောင်လံမြို့နယ်က ၇ ဦး၊ စလင်းမြို့နယ်က ၆ ဦးနဲ့ ပွင့်ဖြူမြို့နယ်က ၃ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းမှာ ကိုဗစ်ကာလအတွင်း မနေ့က ရောဂါပိုး တွေ့ရှိတဲ့အရေအတွက်ဟာ အများဆုံးဖြစ်ပြီး ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ဖို့ လိုအပ်နေပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာကြဖို့ ဒေါက်တာခင်မောင်သန်းက သတိပေးတိုက်ပါတယ်။
အဲဒီ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာတွေနဲ့ ထိစပ်ခဲ့တဲ့သူတွေကို အသွားလာကန့်သတ်ကာ ဓာတ်ခွဲနမူနာရယူ ပေးပို့မှာဖြစ်ပြီး လူနာတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ကုသပေးမယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇၄ ဦးရှိတဲ့ထဲက ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ရရှိသူ ၂၆၈ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး