Monday, June 5, 2023
HomeCOVID19ကိုဗစ်ဒုတိယလှိုင်းကာလ ဆွမ်းခံမထွက်ရသဖြင့် သီလရှင်များ အခက်အခဲ ကြုံနေ

ကိုဗစ်ဒုတိယလှိုင်းကာလ ဆွမ်းခံမထွက်ရသဖြင့် သီလရှင်များ အခက်အခဲ ကြုံနေ

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် သီလရှင်ဆရာလေးတွေ ဆွမ်းခံမထွက်ရသလို အလှူရှင်တွေ နည်းပါးသွားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။  

ရန်ကုန်တိုင်းထဲက ဒဂုံမြို့သစ်မြောက်ပိုင်းတောင်ပိုင်း သီရိရတနာစာသင်တိုက်မှာရှိတဲ့ စာသင် သီလရှင်အပါး ၂၀ ဟာ ဆွမ်းချက်ပြီး ဟင်းစားက အသီးအနှံတွေချက်ပြုတ် ဘုဉ်းပေးနေကြရတယ်လို့ သီရိရတနာစာသင်တိုက် ဆရာလေး ဒေါ်တိရတနာက မိန့်ပါတယ်။

အရင် ကိုဗစ်မမြင့်တက်ခင် ကာလမှာတော့ စားရေးသောက်ရေး အဆင်ပြေနေပြီး အခု ကိုဗစ်ရောဂါကူးစက်မှုနှုန်း မြင့်တက်နေတဲ့ကာလမှာတော့ ဆွမ်းခံ အလှူထွက်လို့မရတဲ့အပြင် အလှူရှင်တွေလည်း လာရောက်လှူဒါန်းမှု နည်းပါးသွားတာကြောင့် အခက်အခဲ ကြုံနေတာလို့ မိန့်ပါတယ်။ 

ဒါ့အပြင် စာသင်တာတွေလည်း ရပ်နားထားရတဲ့အတွက် စာသင်သား သီလရှင်တွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

အရင် ပထမ ကိုဗစ်ကာလက ဆွမ်းခံအလှူ မထွက်ရပေမယ့် အလှူရှင်တွေများလာတာကြောင့် စိတ်ပူစရာမရှိခဲ့ပေမဲ့ အခုအချိန်ကာလမှာတော့ သန်လျင် သဘာဝတရားရိပ်သာလိုကျောင်းမျိုးနဲ့ ကျန်တဲ့ သီလရှင်ကျောင်းတွေအားလုံးလိုလိုမှာ ဒီပြသနာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေါ်စာဂဝတီက ပြောပါတယ်။

ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက် သာသနာ့ရိပ်သာကျောင်းဒေါ်ဓမ္မစာရီက “ဒုတိယလှိုင်း ကိုဗစ်ကာလမှာ ဆွမ်းခံမထွက်ရတဲ့ တစ်လကျော် နှစ်လအတွင်းမှာ ကျောင်းကို အလှူရှင်တွေ လာရောက်လှူဒါန်းတာမျိုး မရှိကြတော့ပါဘူး။ ကွမ်းခြံကုန်းမြို့နယ်မှာဆိုရင် သီလရှင်အပါး ၁၀၀ ကျော်ရှိပြီး စာသင်တိုက်ကျောင်းပေါင်း ၁၀ ကျောင်းနီးပါးရှိပါတယ်။ အခုလို ကာလမျိုးမှာ ဆွမ်းခံမထွက်ရလို့ အခက်အခဲတွေရှိနေတဲ့အပြင် ရောဂါပိုးကူးစက်မှာကိုလည်း ကြောက်နေရတယ်” လို့ မိန့်ကြားပါတယ်။

လက်ရှိ မြန်မာနိုင်ငံတဝန်းရှိ သီလရှင်စာသင်ကျောင်းတွေမှာ လိုအပ်နေတဲ့ အလှူရှင်တွေနဲ့  လက်ရှိဖြစ်နေတဲ့ရောဂါကပ်ဆိုးကြီး အမြန်ဆုံးပျောက်ကွယ်စေဖို့ သီလရှင်ကျောင်းတိုက်တွေ တော်တော်များများမှာ တရားဓမ္မတွေ ရွတ်ပူဇော်ရင်း ဆုတောင်းမှုတွေ ပြုလုပ်နေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular