Homeမြန်မာသတင်း
ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေး ဦးစားပေးလုပ်မည်ဟု တိုင်းလိုင်ရှမ်းနီပါတီ ပြော
ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေး ဦးစားပေးလုပ်မည်ဟု တိုင်းလိုင်ရှမ်းနီပါတီ ပြော
DVB
·
October 25, 2020
ရွေးကောက်ပွဲ အနိုင်ရခဲ့ပါက ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ တရားမျှတရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး (TNDP) ပါတီက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က ပါတီဝန်းရံသူ ၅၀၀ ကျော်က ကား၊ ဆိုင်ကယ်တွေနဲ့ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့အတွင်း လှည့်လည်မဲဆွယ်ပွဲမှာ ရှမ်းနီပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌ စိုင်းဇင်မောင်လွင်က ပြောပါတယ်။
“ကျနော်တို့ တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကိုရောက်မှ ပြည်တွင်းငြိမ်းချမ်းရေး တန်းတူညီမျှရေး ဖက်ဒရယ်အရေးတွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက် ဒေသခံတိုင်းရင်းသားတွေရဲ့ အသံ ထွက်ပေါ်လာဖို့အတွက် တိုင်းရင်းသားပါတီရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။”
တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၃၁ ယောက်နဲ့ မြစ်ကြီးနားမြို့မှာ ၄ ယောက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့မှာ တိုင်းလိုင်ရှမ်းနီ လူငယ်ပါတီဝင် ၂၀၀ လောက်က ပါတီဆိုင်းဘုတ်တွေ၊ အလံတွေကိုင်ကာ အောင်နိုင်ရေးသီချင်းတွေဖွင့်ပြီး စက်လှေတွေနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ ရှမ်းရွာတွေမှာ မဲဆွယ်ခဲ့ကြပါတယ်။
သတင်း - မီးမီး