မင်းလှတွင် ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦး တွေ့ရှိ၊ ရောဂါသက်သာသူ ၂၄ ဦး ဆေးရုံဆင်း
DVB
·
October 25, 2020
ပဲခူးတိုင်း၊ မင်းလှမြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၂ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့က ဓာတ်ခွဲနမူနာ ၁၅၀ ခု ပေးပို့စစ်ဆေးရာမှာ ၁၀ ဦး ပိုးတွေ့ရှိခဲ့ပြီး ကျန် ၂ ဦးကတော့ Test Kits နဲ့ ကားသမား ၁ ဦးနဲ့ ရန်ကုန်ပြန်လာသူ ၁ ဦးတို့ ဖြစ်တယ်လို့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အိုးအိမ်ဝန်ထမ်းအိမ်ရာမှာ ကုသပေးနေတဲ့ ကိုဗစ်-၁၉ လူနာ ၂၁ ဦးနဲ့ ဆေးရုံတွေက လူနာ ၃ ဦး စုစုပေါင်း ၂၄ ဦး ရောဂါပျောက်ကင်းသွားတဲ့ အတွက် ဒီနေ့မနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဆေးရုံဆင်းခွင့်ရရှိခဲ့တဲ့ လူနာတွေဟာ ရောဂါလက္ခဏာမပြတော့ဘဲ ပြန်လည်သက်သာလာတာ ၁၁ ရက်ပြည့်တာကြောင့် ဆင်းခွင့်ပြုခဲ့တာဖြစ်ပြီး နေအိမ်မှာ ၇ ရက် ထပ်မံ အသွားအလာကန့်သတ်ထားတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မင်းလှမြို့နယ်မှာ အောက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇ ဦး ရှိတဲ့အနက် ၆၃ ဦး ဆေးရုံဆင်းခွင့်ရရှိပြီး ပြည်ဆေးရုံကြီးမှာ ၂ ဦး၊ မင်းလှဆေးရုံနဲ့ အိုးအိမ်ဝန်ထမ်းအိမ်ရာသစ်မှာ ၅၂ ဦးတို့ကို ဆက်လက်ကုသပေးနေတယ်လို့ သိရပါတယ်။
သတင်း - သက်နိုင်ဝင်း(CJ)