ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာ ၅၄ ဦး စံချိန်တင်တွေ့ရှိ
DVB
·
October 25, 2020
ကရင်ပြည်နယ်မှာ အောက်တိုဘာ ၂၄ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၅၄ ဦး တွေ့ရှိခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်က “ပထမဆုံး Positive တွေ့တဲ့လူနဲ့ ထိတွေ့မှုရှိတဲ့လူတွေ။ ထိတွေ့ထားတဲ့အုပ်စုတွေက သူတို့မှာရှိမှန်း (ရောဂါ)မသိဘူး။ အဲဒါမျိုး ထိတွေ့မှုရှိထားတဲ့ လူတွေက များတယ်” လို့ ပြောပါတယ်။
ရောဂါပိုးတွေ့ရှိသူတွေဟာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ၊ ကုန်လှောင်ရုံ(ဂိုဒေါင်)မှာ အလုပ်လုပ်နေသူတွေ၊ ရပ်ကွက်အိမ်နီးချင်းတွေ၊ ပိုးရှိသူနဲ့ မိသားစုတခုလုံး ထိတွေ့မိတာတွေကြောင့် ကူးစက်မှုတွေ များလာတာလို့ တာဝန်ရှိသူက ဆိုပါတယ်။
ဘားအံမြို့က ၁၁ ဦး၊ လှိုင်းဘွဲ ၁၉ ဦး၊ ကော့ကရိတ် ၁၃ ဦး၊ မြဝတီ ၁၀ ဦးနဲ့ အခြားဒေသက လူနာ ၁ ဦးတို့ဖြစ်ပြီး ပြည်နယ်အတွင်း စံချိန်တင်တွေ့ရှိတာပါ။
ဆေးရုံတက်ရောက် ကုသဆဲလူနာ ၁၂၁ ဦး၊ မြဝတီနဲ့ လှိုင်းဘွဲမြို့က သေဆုံးလူနာ ၁ ဦးစီ ရှိပြီး ဒီကနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၂၆၁ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့နယ်အတွင်း စောင့်ကြည့်လူနာတွေကို မူးယစ်ဆေးဖြတ်စခန်း၊ ဘားအံတက္ကသိုလ်၊ စံဖရီးတန်ဖိုးနည်းအိမ်ရာ၊ ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်တွေမှာ Facility Quarantine စင်တာဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်လူနာ ၃၀၀ ကျော် ရှိပါတယ်။
ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး စည်းကမ်းလိုက်နာအောင် လုပ်ရမယ့် အဖွဲ့တွေကပါ လိုက်နာအောင် လိုက်လုပ်ပေးဖို့နဲ့ ရောဂါပိုးတွေ့ရှိသူ များပြားလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာနေထိုင်ဖို့ ပြည်နယ်ဦးစီးမှူးက တိုက်တွန်းထားပါတယ်။
သတင်း - ရဲမင်းခေါင်