မြစ်ကြီးနား၌ ၁ လအတွင်း ခိုးမှု၊ လုယက်မှုကျူးလွန်သူ ၅၀ ဖမ်းမိ၊ လူငယ် အများဆုံးပါဝင်
DVB
·
October 25, 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁ လအတွင်း ခိုးမှု၊ လုယက်မှုတွေ ကျူးလွန်သူ တရားခံအယောက် ၅၀ ဖမ်းဆီးရမိခဲ့ပြီး လူငယ်တွေ အများဆုံးပါဝင်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ဒုတိယအပတ်ကနေ အောက်တိုဘာ ဒုတိယအပတ်အထိ ၁ လအတွင်း ခိုးမှု၊ လုယက်မှုများ ကျူးလွန်သူ တရားခံအယောက် ၅၀ ကို ဖမ်းမိခဲ့တာပါ။
ဖမ်းမိခဲ့တဲ့သူတွေထဲမှာ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်သူ လူငယ်တွေ အများဆုံးပါဝင်တယ်လို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးမြင့်မိုးက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ဒေသခံတွေရဲ့ အကူအညီကိုရယူပြီး ခိုးမှု၊ လုယက်မှု ကျူးလွန်သူတွေကို ဖော်ထုတ် ဖမ်းဆီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ၁၈ နှစ်အောက် တရားခံ ၈ ယောက်၊ ၁၈ နှစ်အထက် အယောက် ၄၀ ကို တလအတွင်းမှာ ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။
ဖမ်းမိတဲ့အမှုတွေထဲမှာ ရဲစခန်းမှာ လာရောက်အမှုဖွင့်တိုင်ကြားခြင်းမရှိတဲ့ အမှုတွေလည်း ပါဝင်ခဲ့ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မီးမီး