ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာမှုအားနည်းသည့် စက်ရုံ၊ အလုပ်ရုံများကို တိုင်ကြား
DVB
·
October 25, 2020
ရန်ကုန်တိုင်းအတွင်းက ပြန်ဖွင့်နေတဲ့ စက်ရုံ၊ အလုပ်ရုံ ၂၀ လောက် ကျန်းမာရေး လမ်းညွှန်ချက် လိုက်နာမှုမရှိတဲ့အတွက် တိုင်ကြားမှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Labour Power Group ဥက္ကဋ္ဌ ဦးကျော်မျိုးဌေးက ပြောပါတယ်။
“တိုင်ကြားလာတဲ့ စက်ရုံပေါင်းက ၂၀ လောက်ရှိပြီး ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းနေပါတယ်။ ဖယ်ရီကားပေါ် တိုးကြိတ်စီးရတာ၊ စက်ရုံအဝင်အထွက် မစည်းကြပ်နိုင်တာ၊ ကိုယ်အပူချိန်တိုင်းပြီး စစ်ပေးရတဲ့နေရာတွေမှာ လစ်ဟာမှုတွေရှိနေပြီး ပြီးစလွယ်ပုံစံမျိုးတွေ ဖြစ်နေပါတယ်။ ကိုယ်အပူချိန်စစ်ပေးတဲ့ လုံခြုံရေးအင်အားနဲ့ အလုပ်သမားအင်အား မမျှတဲ့အခါ နဖူးနဲ့ အပူချိန်တိုင်းစက်နဲ့ ထိရုံသာ ထိပေးတဲ့သဘောဖြစ်ပြီး ပြန်မစစ်နိုင်တော့တဲ့အထိ ဖြစ်နေပါတယ်။”
အခုလို လိုက်နာမှုအားနည်းတဲ့အပေါ် သက်ဆိုင်ရာဌာနတွေကို တိုင်ကြားထားပေမဲ့ အကြောင်းပြန်တာ မရှိသေးဘူလို့ သိရပါတယ်။
အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက “ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းတဲ့အပေါ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စက်မှုဇုန်စီမံခန့်ခွဲရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး စတဲ့ တိုင်လို့ရတဲ့နေရာတွေကို တိုင်ထားပြီး အကြောင်းပြန်မှုတော့ မရသေးဘူး။ အလုပ်မဆင်းရင်လည်း မဖြစ်၊ အလုပ်ဆင်းရင်လည်း ဘယ်နေ့ ကူးစက်ခံရမလဲ စိုးရိမ်နေပေမဲ့ တုံ့ပြန်မှုတွေ မရတဲ့အတွက်ကြောင့် လုံခြုံမှုရှိဖို့ကိုတော့ မမျှော်လင့်တော့ပါဘူး" လို့ ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ကလည်း လှည်းကူးမြို့နယ်မှာရှိတဲ့ စက်ရုံတခုရှေ့မှာ အလုပ်သမား ၁,၀၀၀ ကျော်လောက်က ကျန်းမာရေးအကာအကွယ်ရရှိဖို့နဲ့ အလုပ်သမား အခွင့်အရေး ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။
လုပ်ငန်းခွင်ယန္တရားကြီး ရပ်တန့်သွားစေချင်တဲ့စိတ်နဲ့ တိုင်ကြားနေကြတာမျိုး မဟုတ်ဘဲ အလုပ်သမားတွေကို အချိန်မီ ကာကွယ်ချင်တဲ့အတွက် ဆောင်ရွက်နေကြတာလို့ Labour Power Group ဥက္ကဋ္ဌ ဦးကျော်မျိုးဌေးက ဆိုပါတယ်။
သတင်း - Ei Thazin Khine