VAR စနစ်က ဘာစီလိုနာအသင်းကို မမျှမတ ပစ်မှတ်ထားနေဟု နည်းပြကိုးမန်း ဝေဖန်

VAR စနစ်ဟာ ဘာစီလိုနာအသင်းကိုပဲ မမျှမတ ပစ်မှတ်ထားနေတယ်လို့ ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။ ကိုးမန်းရဲ့ ဘာစီလိုနာနည်းပြဘဝ ပထမဆုံးသော အယ်လ်ကလက်စီကိုပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အခုလိုမျိုး မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။  ဒီပွဲမတိုင်ခင် လာလီဂါအင်အားကြီး ၂ သင်းစလုံးဟာ ဂီတာဖေးလ်၊ ကာဒစ်ဇ်စတဲ့ လာလီဂါပြိုင်ဘက်တွေကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရရှိဖို့အတွက် ၂ သင်းစလုံးက အားထည့်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဇီဒန်းရဲ့အသင်းက ပိုကောင်းခဲ့ပြီး အနိုင်ရလဒ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ဗယ်လ်ဗာဒီက ပွဲအစ ၅ မိနစ်မှာတင် သွင်းယူပေးခဲ့ပြီး ဘာကာအတွက် ဖာတီက ချေပဂိုးသွင်းပေးခဲ့ပါတယ်။ ဒီဂိုးကြောင့် ဖာတီဟာ ၂၁ ရာစုအတွင်း အယ်လ်ကလက်စီကို ပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရီးရဲလ်တို့ ပင်နယ်တီရခဲ့ပါတယ်။ လန်းလက်က ရာမို့စ်ရဲ့အင်္ကျီကို စွဲတယ်လို့ဆိုကာ VAR က ပင်နယ်တီ သတ်မှတ်လိုက်တာ ဖြစ်ပြီး ဒီပင်နယ်တီကို ရာမို့စ်ကပဲ ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။  ရီးရဲလ်အတွက် တတိယဂိုးကို မိုဒရစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အရှုံးရလဒ်ဟာ ဘာစီလိုနာ အသင်းသားတွေအတွက် စိတ်ပျက်စရာဖြစ်ပေမယ့် ကိုးမန်းကတော့ ပင်နယ်တီဟာ မပေးသင့်ခဲ့ဘူးလို့ ပြောပါတယ်။ နည်းပြ ကိုးမန်းက “ကျနော် သဘောမတူပါဘူး။ ကျနော့်အတွက်ဆို ဒါ ပင်နယ်တီ မဟုတ်ပါဘူး။ တစ်နေ့နေ့တော့ စပိန်က VAR အကြောင်းနဲ့ပတ်သက်ပြီး ကျနော့်ကို ရှင်းပြကြလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ ၅ ပွဲ ကစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ VAR က ကျနော်တို့ရဲ့ ပြိုင်ဘက်အတွက်ပဲ အသုံးပြုခဲ့ပါတယ်။ ဘာလို့ VAR က ဘာကာအသင်းရဲ့ဆန့်ကျင်ဘက်မှာပဲ ရှိနေရတာပါလဲ။ VAR က ကောင်းမွန်တဲ့နည်းစနစ်တခု ဖြစ်လာနိုင်ပါတယ်။ အသင်းတိုင်းကို အကျိုးပြုမယ်ဆိုရင်ပေါ့။ ကျနော် လန်းလက်နဲ့ စကားပြောရသေးပေမယ့် ရာမို့စ်က သူ့ကို အရင်ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။ ဒါဟာ ပင်နယ်တီ မဟုတ်ပါဘူး။ ရီးရဲလ်ကစားသမားတွေအတွက် ဒိုင်ကို ဝိုင်းဝန်းဖိအားပေးတာဟာ မထူးဆန်းတဲ့ကိစ္စပါ။ ကျနော့်အတွက်တော့ ပြဿနာမရှိပါဘူး” လို့  ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။  ရာမို့စ်ရဲ့ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ကိုးမန်းဟာ တိုက်စစ်ကို မြှင့်တင်ဖို့အတွက် ထရင်ကို၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီနဲ့ ဘရိတ်ဝိတ်တို့ကို ထည့်သွင်းခဲ့ပေမယ့် အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးတွေကိုတော့ မရရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up