DVB Logo
Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တကယ်ပါဝင်ခွင့်ရပြီလား
DVB
·
July 25, 2013
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တကယ်ပါဝင်ခွင့်ရပြီလား
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီချင်ပါတယ်ဆိုပြီး တကြိမ်မက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလို ပါဝင် ကူညီဖို့ဆိုတာဟာ သက်ဆိုင်သူတွေ ဖိတ်ခေါ်မှုရှိမှ ဖြစ်မှာပါလို့လည်း ရှင်းပြခဲ့ပါတယ်။ ခုဆိုရင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ် လက်မှတ်ထိုးတာနဲ့ ဆွေးနွေးမှုတွေ လုပ်နေတာ ကာလ အတန်ကြာပါပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ပြည်သူလူထုကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ဆန္ဒရှိကြပေမယ့် တကယ့် ကာယကံရှင်တွေဆီက ဖိတ်ခေါ်တာမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်နေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်/ အက်စ်အက်စ်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ရဲ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်တခု ထွက်ပေါ်လာပါတယ်။ အလားတူ ဇူလိုင် ၂၀ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ငြိမ်းချမ်းရေးကိစ္စ တင်ပြဆွေးနွေးပွဲ ကျင်းပအပြီး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒီနေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာတွေကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် စတင်ပါဝင်လာပြီဆိုပြီး ရေးကြသားကြပါတယ်။ ဒီလို ပြောဆိုမှုတွေ ဘယ်လောက် မှန်ကန်သလဲဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

\ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မီဒီယာတွေကို ပြောခဲ့တဲ့ စကား တိတိကျကျကတော့ “နိုင်ငံရေးဆွေးနွေးပွဲတွေ တက်တဲ့အခါ ကော်မတီတွေ ပါတာပေါ့။ ဦးသိန်းဇော် ကော်မတီ၊ ဦးမောင်ဦးရဲ့ ကော်မတီ၊ ဦးဌေးဦးရဲ့ ကော်မတီ၊ ဦးအောင်ကိုရဲ့ ကော်မတီ၊ အဲဒီ ကော်မတီတွေ ပါဖို့ လိုအပ်တယ်လေ။ အဲဒီ ကော်မတီတွေထဲမှာ Rule of Law ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် လုပ်ထားတဲ့ ကော်မတီပေါ့နော်။ Rule of Law လည်း ပါဝင်သင့်တာပေါ့။ ချန်ထားလို့ မရဘူး။ နယ်မြေဒေသတွေမှာ Rule of Law ဖြစ်မှပဲ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ ပိုပြီး ခိုင်မာလာမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါမှာပဲလေ။ ပါအောင်ပဲ ဒီနေ့တောင် အစည်းအဝေး လာတက်ပြီပဲ။ နောက်ပိုင်းကိစ္စတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ အဲဒီ ပြောစကားကို အဓိပ္ပာယ် ဖော်နိုင်ဖို့အတွက် အစိုးရက ငြိမ်းချမ်းရေးကို ဘယ်လို အကောင်အထည်ဖော်နေသလဲဆိုတာ အရင် ကြည့်ဖို့ လိုပါတယ်။ လက်ရှိ သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ” ဆိုတာ ဖွဲ့ထားပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၁ ယောက် ပါဝင်ပေမယ့် ၉ ယောက်ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ ကာလုံ အဖွဲ့ဝင်တွေ ဖြစ်နေပါတယ်။ ပြောရရင် ငြိမ်းချမ်းရေးကိစ္စကို ကာလုံက ကိုင်တွယ်နေတယ် ဆိုတဲ့ သဘောပါ။ အဲဒီ အောက်မှာမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဆိုတာ ဖွဲ့စည်းထားပါတယ်။ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌ၊ တပ်မတော်ဒုကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တို့ ၃ ယောက်က ဒုဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ်တိုင်းမှူးတွေနဲ့ လွှတ်တော်အမတ်တွေ စုစုပေါင်း ၅၂ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလောက် အရေအတွက်များများနဲ့ ဖွဲ့စည်းထားတာတောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တနေရာမှာမှ ထည့်မထားသလို အန်အယ်လ်ဒီပါတီဝင် တယောက်တလေတောင် မပါပါဘူး။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ သူအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေဖို့ ဆန္ဒရှိတယ်လို့ အပြင်မှာ ပြောပေမယ့် ကာလုံအစည်းအဝေးအပါအ၀င် ဘယ် တရားဝင်အစည်းအဝေးမှာမှ တောင်းဆိုခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောတာ ဘာအဓိပ္ပာယ်ပါလဲ။ လက်ရှိ အစိုးရရဲ့ အစီအစဉ်အရ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အဲဒါ ပြီးသွားရင် နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲကြီးတခု စတင်ဖို့လည်း ရှိနေပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ အရပ်ဘက်အဖွဲ့၊ ပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေ စသဖြင့် ဘက်ပေါင်းစုံက ပါဝင်မယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လွှတ်တော်ကော်မတီတခုရဲ့ တာဝန်ရှိသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းမယ်ဆိုတဲ့ သဘောလောက်ပါပဲ။ လူ ၄၀၀၊ ၅၀၀ ဒါမှမဟုတ် ညောင်နှစ်ပင်ညီလာခံလို ထောင်ဂဏန်းအရေအတွက်ရှိတဲ့ သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ် ဆိုတဲ့ သဘောပါ။

ဒီဆွေးနွေးပွဲကြီး ရှိနေပေမယ့်လည်း အစိုးရနဲ့ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ ဆက်ပြီး ဆောင်ရွက်ဖို့ အများကြီး ကျန်နေပါသေးတယ်။ ဒီဖြစ်စဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီမှာလည်း မပါ၊ လုပ်ငန်းကော်မတီမှာလည်း သူ့ကို ထည့်မထားတဲ့အတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ အဲဒီ ကော်မတီ ၂ ခုထဲမှာ တရားဝင် ပါဝင်ခွင့်ရမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပါဝင်ခွင့်ရပြီလို့ ဆိုနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013