အဂတိလိုက်စားမှုပုဒ်မဖြင့် အရိုးအထူးကုဆေးရုံအုပ်ကြီးကို ထောင်ဒဏ် ၄ နှစ် ချမှတ်
DVB
·
October 24, 2020
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး (ခုတင် ၅၀၀) က ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကို မန္တလေးတိုင်းတရားလွှတ်တော်ကနေ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေးလုပ်ငန်း တင်ဒါခေါ်ယူရာမှာ တင်ဒါရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ၂၀၁၇-၂၀၁၈ ခုနှစ်နဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်က လုပ်ငန်းရှင် နှစ်ဦးထံကနေ ငွေကျပ် သိန်း ၃၀ စီ၊ ၂၀၁၉-၂၀၂၀ ခုနှစ်နဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်က လုပ်ငန်းရှင် နှစ်ဦးထံကနေ ငွေကျပ် သိန်း ၄၀ စီ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အမှုနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က အမှတ် ၁၁ နယ်မြေရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ကုသရေးဦးစီးဌာနခွဲစာရေး ဦးအောင်ကျော်ဦးကိုလည်း အရိုးအထူးကုဆေးရုံကြီးဝင်းအတွင်း စက်ဘီး/ဆိုင်ကယ်အပ်နှံခကောက်ခံတဲ့ လုပ်ငန်းနေရာ ၂ ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးဖို့အတွက် ငွေကျပ် ၂ သိန်း၊ တင်ဒါကော်မတီဝင်တွေကို ကန်တော့ဖို့ဆိုပြီး ငွေကျပ် ၃ သိန်း၊ တင်ဒါ အောင်မြင်တဲ့သူဆီကနေ ငွေကျပ် ၇ သိန်းလောက် တန်ဖိုးရှိ Camera နဲ့ Laptop တို့ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားပါတယ်။
သတင်း - ထိန်ထိန်လင်း