မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ထပ်တွေ့၊ အတည်ပြုလူနာ ၆၂၅ ဦးအထိ ရှိလာ
DVB
·
October 24, 2020
မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ကျိုက်ထိုမြို့နယ်က ၂ ဦး၊ မော်လမြိုင်နဲ့ သံဖြူဇရပ်မြို့နယ်တို့က ၁ ဦးစီ၊ ကုန်တင်ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၄ ဦး စုစုပေါင်း ၈ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကိုဗစ်အတည်ပြုလူနာတွေဟာ ၄ ဦးမှာ သက်ဆိုင်ရာမြို့နယ်တွေက အသွားအလာ ကန့်သတ်ထားတဲ့ စောင့်ကြည့် Camp တွေမှာ ထားရှိတဲ့သူတွေ ဖြစ်ပါတယ်။
ကျန် ကုန်တင်ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၄ ဦးမှာတော့ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားက စစ်ဆေးရေးဂိတ်မှာ ကိုဗစ်ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေးရမှ ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ပေးထားပြီးလို့ မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ကိုဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၆၂၅ ဦးအထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ၉ ဦး သေဆုံးထားပါတယ်။