Home
မြန်မာသတင်း
အေအေအဖွဲ့အနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်း ပျက်ပြားအောင်မလုပ်ရန် ဦးဇော်ဌေး ပြော 
နေဖြိုးဝင်း
·
October 23, 2020
မြန်မာနိုင်ငံသမိုင်းကြောင်းမှာ ပြည်သူတွေကိုယ်တိုင် ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက်ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်ခွင့်ရဖို့ ဆယ်စုနှစ်နဲ့ချီစောင့်ဆိုင်းခဲ့ရပြီး ဒီမိုကရေစီကို တဆင့်ပြီးတဆင့် သွားနေချိန်မှာ အေအေအဖွဲ့အနေနဲ့ ရွေးကောက်ပွဲပျက်ပြားအောင် မလုပ်သင့်ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဦးဇော်ဌေးက ပြန်လည်ဖြေဆိုခဲ့တာပါ။ “ဆိုလိုတာက ကျနော်တို့ တဆင့်ပြီးတဆင့် ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲလမ်းကြောင်းကို ပျက်ပြားအောင် မလုပ်သင့်ဘူးလို့ ကျနော်တို့က ယူဆတယ်။ ဒီလိုမျိုးမဲပေးနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်တွေ အများကြီးပေးဆပ်ခဲ့ရတဲ့ အနေအထားရှိပါတယ်။ အဲ့တော့ ဒီမိုကရေစီကို တလေးတစားရှိဖို့၊ ပြည်သူလူထုရဲ့ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ကို အလေးထားဖို့ပေါ့နော်။ အဲ့တော့ ဒီလမ်းကြောင်းကို ပျက်ပြားအောင်မလုပ်ဖို့ ဒါလေးတွေတော့ ပြောချင်တယ်။”  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေ ထုတ်ပြန်ကြေညာခဲ့ရာ ရခိုင်ပြည်နယ်အတွင်းမှာ မြို့နယ် ၉ မြို့နယ်၊ ကျောက်ဖြူ၊ အမ်း၊ စစ်တွေနဲ့ တောင်ကုတ်မြို့နယ်တွေထဲက ရပ်ကွက် ၁၅ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၃၇ အုပ်စုတို့ ပါဝင်ခဲ့ပါတယ်။ ဒီနယ်မြေတွေမှာ အခြေအနေတွေ တည်ငြိမ်အေးချမ်းသွားပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေပေးပြီဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်ပေးဖို့ ပြောထားပါတယ်။ ဒီလိုအနေအထားကိုရောက်ဖို့ အေအေမှာလည်း တာဝန်ရှိသလို ရခိုင်မှာရှိတဲ့ အင်အားစုတွေ၊ လူမှုအသိုင်းအဝန်းတွေ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရအပြင် ရခိုင်မှာရှိတဲ့ အဓိက သက်ဆိုင်သူတွေတွေအားလုံးက ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ဦးဇော်ဌေးက ပြောပါ တယ်။ အောက်တိုဘာ ၁၄ ရက်မနက်က  တောင်ကုတ်မြို့နယ်‌ ဖောင်းခါးကျေးရွာမှာ ရွေးကောက်ပွဲ  အောင်နိုင်ရေး စည်းရုံးလှုပ်ရှားနေတဲ့  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမင်းအောင်၊  ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ၃ ယောက်ကို  အေအေအဖွဲ့က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။  အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးပါက အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့က  အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024