Home
မြန်မာသတင်း
လုံခြုံရေးကြောင့် မြို့နယ်အချို့၌ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းဖြစ်ဟု ဦးဇော်ဌေးရှင်းလင်း  
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
·
October 23, 2020
တစ်မြို့နယ်လုံး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့  မြို့နယ်တွေဟာ လုံခြုံရေးဆိုင်ရာ အကြံပြုထားတဲ့  မြို့နယ်တွေဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်   ဦးဇော်ဌေးက ပြောပါတယ်။  ရခိုင်ပြည်နယ်က ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က ၆ မြို့နယ်တို့မှာ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး ဒီ မြို့နယ်တွေအားလုံးဟာ လုံခြုံရေးအားနည်းချက်ကြောင့် ကျင်းပဖို့ မသင့်ဘူးလို့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က အကြံပြုထားတာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်  ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။  ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ နဲ့ တခြား မြို့နယ် ၄ မြို့နယ်က ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၂ အုပ်စု၊ ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်နေတာပါ။ ဒါအပြင် ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ်နဲ့ တခြားမြို့နယ် ၁၇ ခုမှ ရပ်ကွက်ကျေးရွာ အုက်စု ၁၅၁ အုပ်စုနဲ့ မွန်ပြည်နယ်က ကျေးရွာအုပ်စု ၁ စုနဲ့ ပဲခူးတိုင်းက မြို့နယ် ၂ ခုက ကျေးရွာ အုပ်စု ၄၂ အုပ်စု ပါဝင်နေတာပါ။ ဒီအပေါ်မှာ အန်အယ်လ်ဒီပါတီရွေးကောက်ပွဲ  အနိုင်မရနိုင်တဲ့  နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပတာဆိုပြီး ဝေဖန်မှုတွေထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။   သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ထွေအုပ်က ၅ မြို့နယ်၊ ရွေးကော်အဖွဲ့ခွဲက ၈ မြို့နယ်နဲ့ လုံခြုံရေးပိုင်းက ၉ မြို့နယ် အသီးသီးအကြံပြုခဲ့တာဖြစ်တယ်လို့ ဒီနေ့ အောက်တိုဘာ ၂၃ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ “၉ မြို့နယ်လုံးမှာ ပြန်ကြည့်လိုက်ရင် တစ်မြို့နယ်လုံးမကျင်းပသင့်ဘူး။ လုံခြုံရေးအရ အားနည်းတယ်လို့ လုံခြုံရေးအရ သဘောထားပေးထားတာက ဒီ ၉ မြို့နယ်ဖြစ်ပါတယ်။ ပေါက်တော အပါအဝင်ပေါ့နော်။ နောက်တစ်ခါ ရွေးကော်အဖွဲ့ခွဲက တင်ပြတဲ့ တစ်မြို့နယ်လုံး ကျင်းပဖို့ အခြေအနေမရှိဘူးလို့ ပြောထားတာက ၈ မြို့နယ်ဖြစ်ပါတယ်။ပေါက်တာမပါ။အုပ်ချုပ်ရေး ဘက်က တစ်မြို့နယ်လုံးရွေးကောက်ပွဲကျင်းပလို့ မသင့်ဘူးဆိုပြီးတော့ လုံခြုံရေးအားနည်းတယ်လို့ ပြောထားတာက ၅ မြို့နယ် ဖြစ်ပါတယ်။အဲ့ဒီတော့ ၉၈၅ ပေါ့နော်၊ဒီအပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်လာတာက ၉ မြို့နယ်လုံး ကြေညာထားတာ ကျနော်တို့ တွေ့ပါတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာလည်း တစ်မြို့နယ်လုံးရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတာ ၆ မြို့နယ်ရှိပြီး ဒီ ၆ မြို့နယ်လုံးကလည်း လုံခြုံရေးဆိုင်ရာ အကြံပြုထားတဲ့ မြို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးဇော်ဌေးက “UEC ကတော့ ခုနအဖွင့်မှာပြောတယ်၊ ၆ မြို့နယ်မှာ တစ်မြို့နယ်လုံး ကျင်းပနိုင်မှုမရှိဘူး။ အဲ့ဒီတော့ လုံခြုံရေး ဆိုင်ရာ သဘောထားက ၆ မြို့နယ်လုံးဖြစ်ပါတယ်။ မိုင်းကိုင်ပါပါတယ်။ အဲ့ဒီမှာရွေးကော်အဖွဲ့ခွဲက မိုင်းကိုင်မပါဘူး။ နောက်ထွေအုပ်ရဲ့သဘောထားမှာ မိုင်းကိုင်မပါဘူး” လို့ ပြောပါတယ်။ လတ်တလောမှာ ချင်းပြည်နယ် ပလက်ဝနဲ့ ပတ်သက်ပြီးလည်း ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ချင်းပြည်နယ်အစိုးရရဲ့သဘောထားကို တောင်းခံထားပြီး စိစစ်ဆဲ အခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေကို ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့တာဟာ ကော်မရှင်ရဲ့သဘောဆန္ဒတစ်ခုတည်းနဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ဘဲ သက်ဆိုင်ရာဌာနတွေနဲ့ ဒေသဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ အကြံပြုချက်တွေအရ ဆောင်ရွက်ခဲ့တာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရှင်းလင်းပြောကြားထားပါ တယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024