ကနီမြို့နယ်တွင် ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး ၂၄၀ ကျော်ကို သင်တန်းပေး
DVB
·
October 23, 2020
နိုဝင်ဘာ ၈ ရက်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့အထက်တန်းကျောင်းမှာ မဲရုံမှူး၊ ဒုမဲရုံမှူး ၂၄၀ ကျော်ကို အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးနေတယ်လို့ သိရပါတယ်။
ကနီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးချစ်ဆန်းကျော်က "ကနီမြို့နယ်အတွက် ကျနော်တို့က မဲရုံမှူး၊ ဒုမဲရုံမှူး ၂၄၂ ယောက်ကို အသုတ်လိုက်သင်တန်းပို့ချပေးသွားမယ်။ မဲပေးရာမှာ ပါဝင်မဲ့ ဆရာဆရာမတွေကို ရောဂါကာကွယ်ရေးပစ္စည်းတွေကိုလည်း ပေးသွားမယ်" လို့ ပြောပါတယ်။
သင်တန်းတက်ရောက်တဲ့ ဆရာမဒေါ်မေသန္တာခင်က "ရွေးကောက်ပွဲဟာ အမျိုးသားရေးတာဝန်တရပ်ဖြစ်ဆိုလည်း မမှားဘူး။ နိုင်ငံတော်ကနေ ကျမတို့ ပညာရေးဝန်ထမ်းတွေကို ယုံကြည်လို့ အဓိကထားပြီး တာဝန်ပေးအပ်တာကြောင့် တာဝန်ကို ကျေပွန်စွာ ကြိုးစားလုပ်သွားမယ်လို့" ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်နေတာကြောင့် မဲရုံမှူး လုပ်ရတာဟာ စိန်ခေါ်မှုများစွာ ရှိနေတယ်လို့ တက်ရောက်သူ ဆရာ၊ ဆရာမ တွေက ပြောပါတယ်။
ကနီမြို့နယ်အတွင်း မဲရုံပေါင်း ၁၂၁ ရုံနဲ့ မဲဆန္ဒရှင် ၁၁၇၀၀၀ ရှိပြီး ပြည်တွင်းကြိုတင်မဲ ၁၀၀ ကျော်နဲ့ ပြည်ပကြိုတင်မဲ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း- ကျော်မင်းသန့်