လွိုင်ကော် သတ္တုသန့်စင်စက်ရုံစီမံကိန်း ဘယ်သူတွေ အကျိုးအမြတ်ရမလဲ

ရွေးကောက်ပွဲမှာ အနိုင်ရပါက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းက သတ္တုသန့်စင်စက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ် စိစစ်သွားမယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းက  ကတိပေးပြောကြားလိုက်ပါတယ်။ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာသားတွေနဲ့ အောက်တိုဘာ ၂၁ ရက်နေ့ညက မဲဆွယ် တွေ့ဆုံစဉ် လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှ (၁) ကိုယ်စားလှယ်လောင်း ဦးစတီဗင်(ခ) ထွန်းထွန်းက ပြောဆိုခဲ့တာပါ။ “ဆရာတို့၊ ဆရာမတို့  ပြည်သူလူထုတွေအနေနဲ့ ကျနော်တို့ကို မဲပေးခဲ့လို့ ကျနော်တို့သာ လွှတ်တော်ထဲရောက်သွားမယ်။ ကျနော်တို့သာ အစိုးရဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ ဒီစီမံကိန်းတွေကို ကျနော်တို့အနေနဲ့ ပြန်လည်သုံးသပ်နိုင်ဖို့၊ သူတို့တွေ တကယ်ကော EIA, SIA လို ပုံစံမျိုးတွေ တကယ်ရောလုပ်သလားပေါ့။ EIA/SIA နဲ့ကျနော်တို့မပြီးဘူး၊ CIA တို့လိုမျိုး HIA တို့လိုမျိုး အများကြီးရှိတယ်ပေါ့နော်။ အဲဒါတွေနဲ့ သူတို့ဘယ်လောက်ထိ စမ်းသပ်စစ်ဆေးပြီးတော့မှ သုသေတန လုပ်ပြီးတော့မှ ဒီစက်ရုံတွေဟာ လည်ပတ်ဖို့အတွက် ကြိုးစားနေတာလဲ ဆိုတဲ့ဟာတွေ ကို ကျနော်တို့ ပြန်လည်လေ့လာပြီးတော့မှ သုံးသပ်ပြီးတော့မှ ကျနော်တို့ ရပ်နားသင့်မသင့် ဒါမှမဟုတ် ရွှေ့ပြောင်းသင့်မသင့် ဒါကျနော်တို့ဆုံးဖြတ်ရလိမ့်မယ်လို့သာ ကျနော်တို့အနေနဲ့ ယုံကြည်တယ်ပေါ့။ ဒါတွေကိုလည်း တစိုက်မတ်မတ်ကျနော်တို့လုပ်သွားမယ်ဆိုတဲ့ ကတိမျိုး ကျနော်တို့အနေနဲ့ ပေးချင်ပါတယ်။” လွိုင်ကော်မြို့နယ်မှာ ဒေါ်လာသန်း ၅၀ တန်ဖိုးရှိတဲ့ သတ္တုသန့်စင်စက်ရုံ စီမံကိန်းကြီး တည်ဆောက်ပြီး ခဲမဖြူ၊ အဖြိုက်နက်နဲ့ တခြားသတ္တုတွေကို သန့်စင်ပြီး စက်မှုကုန်ချောထုတ်လုပ်မယ့် လုပ်ငန်းဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းလုပ်ငန်းလုပ်ဆောင်ဖို့ Global South Industrial ကုမ္ပဏီက  အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်းအခြေစိုက် ရတနာကုဋေသိုက်ကုမ္ပဏီလီမီတက်က အမေရိကန် ဒေါ်လာ ၅ သန်း ဖက်စပ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ စီမံကိန်းတခုဖြစ်ပါတယ်။ ဒီစီမံကိန်းကို လွိုင်ကော်မြို့နယ် ကွင်းအမှတ်  ၁၂၃၊ ဦးပိုင်အမှတ် (၃၉/၉၃) နွားလဝိုး ကျေးရွာအနောက်ဘက် စက်မှုဇုန်အပိုင် (၂)ရှိ မြေဧက (၁၁၃)ပေါ်မှာ လုပ်ဆောင်တာဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်အမှတ် (၁၆၈/၂၀၁၉) ဖြင့် နှစ်၅၀ နဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လက ရင်းနှီးမြှုပ်နှံခွင့်ပြုထားတာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် လိုအပ်တဲ့ကုန်ကြမ်းသတ္တုတွေကို ကယားပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ဖယ်ခုံမြိုနယ် သိကျိတ်ကျေးရွာအုပ်စုအတွင်းရှိ သိကျိတ်ဒေသနဲ့ ကဆန်းဒေသတို့ကနေ ရယူ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကရင်နီ အကြီးစားရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးကွန်ရက် ( KMIW )ရဲ့ ဩဂုတ်လက ထုတ်ပြန်တဲ့အစီရင်ခံစာအရ အဆိုပါစီမံကန်းမှာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် အခြေစိုက် Hunan Global South Co.Ltd (Chian) မှ Global South Industrial Co.Ltd အမည်နဲ့ ပါဝင်ရင်းနှီးမြှုပ်နှံ့ထားတဲ့စီမံကိန်းဖြစ်ပြီး ပြည်တွင်းမှ ရတနာကုဋေကုမ္ပဏီလီမိတက်နဲ့ ဆက်နွှယ်မှုရှိနေတဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတချို့တို့ ပါဝင်ပတ်သက်နေတယ်လို့လည်း ဖော်ပြပါတယ်။ ဒီစီမံကိန်းဟာ ဌာနေတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးနဲ့သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်  ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ကရင်နီ အကြီးစားရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးကွန်ရက်က အစီရင်ခံထားပါတယ်။ ဒါ့အပြင် ဒီစီမံကိန်းကို ခွင့်ပြုထားတဲ့နေရာမှာ EIA/SIA စုံစမ်းစစ်ဆေးမှုမလုပ်ဘဲနဲ့ စက်ရုံကို ခွင့်ပြုထားတာဖြစ်သလို ကျန်းမာရေးသက်ရောက်မှုဆန်းစစ်အကဲဖြတ်ချက် (HIA) ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်သက်တဲ့ဆန်းစစ်ချက် (CIA)  စစ်တမ်းမလုပ်ဘဲ ခွင့်ပြုထားတဲ့ စက်ရုံဖြစ်နေတယ်လို့ ကိုယ်စားလှယ်လောင်းဦးစတီဗင် (ခ) ထွန်းထွန်းက ပြောပါတယ်။ “ကျနော်တို့ လေ့လာထားသလောက်၊ စစ်တမ်းတွေအရ ကြည့်ရသလောက်ဆိုရင် ကျနော်တို့ ရဲ့ မြေအောက်ရေတွေက အဆိပ်သင့်မယ်လောက်ပဲ ကျနော်တို့က ပြောတာ။ ဒါပေမဲ့ နေ့စဉ် ကျနော်တို့ ရှူရှိုက်နေတဲ့လေကော ဘယ်လာက်ထိ သန့်စင်နိုင်ပါမလဲဆိုတာ စစ်တမ်းတွေ လုပ်ထား သလားပေါ့။ ကျနော်တို့ရဲ့အိမ်တွေမှာ ဖုန်ထုတွေဘယ်လောက်တက်လာမလဲဆိုတဲ့ စစ်တမ်းတွေ လုပ်ထားသလာဆိုတဲ့ဟာမျိုးတွေပေါ့၊ ဆိုတော့ ကျနော်တို့မှာ လုပ်စရာတွေ အများကြီး ရှိတယ်။ ကျနော်တို့သာ တကယ်လို့သာ လုပ်ကိုင်ခွင့်ရမယ်ဆိုလို့ရှိရင် အစိုးရသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင် အဲဒါတွေ အားလုံးကိုကျနော်တို့တွေပြန်ပြီးတော့ တာဝန်ယူမှုတာဝန်ခံမှုရှိအောင် သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပြန်ခေါ်ပြီးတော့မှ ဘယ်သူဟာ ဒီမြေကိုရောင်းလိုက်တာလဲ၊ လုပ်ပိုင်ခွင့်ပေး လိုက်တာလဲ၊ နှစ် ၅၀ ပေးလိုက်တာလဲ။ EIA, SIA၊ CIA  စစ်ဆေးမှုလုပ်ပြီးပြီလား။ စစ်ဆေးမှု မလုပ်ဘဲနဲ့ ဘယ်သူကနေပြီးတော့ ဘယ်သူက ခွင့်ပြုလိုက်တယ်ဆိုတဲ့ဟာမျိုး ဒါတွေကို ပြန်ပြီးတော့ မီးခိုးကြွက်လျှောက် ကျနော်တို့ ပြန်လိုက်ဖို့လိုအပ်တယ်။ ဒါတွေအားလုံးက pass ဖြစ်တယ်၊ ပြည်သူတွေအတွက် တကယ်အကျိုးရလဒ်လည်း တကယ်ရှိတယ်ဆိုလို့ရှိရင်တော့ ဒီစက်ရုံ လည်ပတ်တာ ပြဿနာမရှိဘူး။ ဒါပေမဲ့ ပြည်သူလူထုကို အကျိုးမရှိစေဘူး၊ ၈၀ ရာခိုင်နှုန်းက အကျိုးယုတ်တယ်၊ ၂၀ ရာခိုင်နှုန်းလောက်ပဲ သက်ဆိုင်တဲ့လူကိုပဲ အကျိုးရှိစေတယ်ဆိုလို့ရှိရင်တော့ ဒီစက်ရုံကို ကျနော်တို့က ဥပဒေအရ အရေးယူရမှာဖြစ်တယ်။ ဥပဒေအရအရေးယူနိုင်ဖို့ကတော့ ကျနော်တို့ကတော့ process တွေနဲ့ လုပ်သွားရမှာဖြစ်တယ်ပေါ့။” ဒါ့အအပြင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့  စက်ရုံလုပ်ငန်းတွေ လုပ်မယ်ဆိုလို့ရှိရင် CSR ဆိုတဲ့  သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိမ်းသိမ်းကုစားနိုင်တဲ့ ရန်ပုံငွေရှိတယ်။ အဲဒီရန်ပုံငွေက တကမ္ဘာလုံးက ၂ ရာခိုင်နှုန်းသတ်မှတ်ထားသလို မြန်မာနိုင်ငံလည်း ၂ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဒီ ၂ ရာခိုင်နှုန်းဟာလည်း စတင်လက်မှတ်ရေးထိုးချိန်မှာ ပေးရတာ ဖြစ်တဲ့အတွက် လက်ရှိ လွိုင်ကော်မြို့က သတ္တုစက်ရုံစံမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းကုစားနိုင်တဲ့ ရန်ပုံငွေ ၂ ရာခိုင်နှုန်း ဘယ်သူ့ဆီရောက်နေမှန်းမသိကြောင်းလည်း ပြောပါတယ်။ “ကျနော်တို့ မသိရတာက အဲဒီ ၂ ရာခိုင်နှုန်းဟာ လက်မှတ်လည်းထိုးပြီးသွားပြီ။ လက်မှတ်ထိုးတဲ့ အချိန်မှာဒီ ၂ ရာခိုင်နှုန်းဟာ ပေးရတယ် အပ်ရတယ်လို့ကျနော်တို့ သိတယ်။ အဲဒီ ၂ ရာခိုင်နှုန်းသည် ဘယ်အကောင့်ထဲကို ရောက်နေလဲဆိုတာ ကျနော်တို့ မသိရဘူး။ အဲဒါကိုလည်း ကျနာ်တို့က စုံစမ်းဖော်ထုတ်ဖို့ လိုအပ်တယ်ပေါ့။ အဲတော့ သန်း ၅၀ လို့ပြောတဲ့အတွက် အနည်းဆုံး ၁သန်းဟာ CSR ငွေဖြစ်တယ်။ အဲဒီငွေကို မြန်မာငွေ ဒီနေ့ပေါက်ဈေးနဲ့ ကျနော်တို့ ပြောင်းမယ်ဆို လို့ရှိရင် ကျပ် သန်းပေါင်း ၁၃၆၀ နဲ့ ၁၄၀၀ ကြားထဲမှာရှိတယ်။ အဲဒီငွေတွေဟာ ဘယ်သူ့ လက်ထဲမှာရှိနေသလဲ၊ ဒါကျနော်တို့ မေးခွန်းထုတ်ရမှာဖြစ်တယ်။”   လွိုင်ကော်မြို့နယ်မှာတည်ဆောက်မယ့် အကြီးစား သတ္တုစက်ရုံစီမံကိန်းဟာ EIA,SIS မလုပ်ထားသလို ဒေသခံ ပြည်သူတွေ ၁၀ ရာခိုင်နှုန်းလောက်သာသိပြီးအများစုက မသိကြတဲ့အနေအထားမှာရှိနေတယ်လို့  ကရင်နီပြည် MATA အဖွဲ့ရဲ့ တာဝန်ခံ ခွန်အန်ဂျလိုက ပြောပါတယ်။ သတ္တုစက်ရုံကရရှိလာမယ့်အကျိုးအမြတ်ကို တရုတ်နိုင်ငံက ၉၀ ရာခိုင်နှုန်းရရှိမှာဖြစ်ပြီး ၁၀ ရာခိုင်နှုန်းက Global South Industrial Co.Ltd ဒါရိုက်တာလည်းဖြစ်၊ ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးက ရရှိမှာဖြစ်တယ်လို့ ခွန်အန်ဂျလိုက ပြောပါတယ်။ ဒီသတ္တုစက်ရုံစီမံကိန်းကို လက်ရှိ ဆက်လက်တည်ဆောက်မှုတွေ လုပ်ဆောင်နေပြီး ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သလို စီမံကိန်း စတင်လည်ပတ်ချိန်မှာ နှစ်စဉ် လျှပ်စစ် မဂ္ဂါဝပ်  ၇၂၈၀၀ အသုံးပြုပြီး နှစ်စဉ်ရေဂါလန် သန်း၅၀ ကျော်အသုံးပြုရမှာဖြစ်ပါတယ်။  ဒီစီမံကိန်းနဲ့ပတ်သက်လို့  ဒေသခံတွေရဲ့သဘောထားကို MATA အဖွဲ့အနေနဲ့ လိုက်လံ ကောက်ယူထားပြီး ကန့်ကွက်တဲ့လက်မှတ်ကိုလည်း ကောက်ယူထားပါတယ်။ ဒီလက်မှတ်ကို နိုင်ငံတော်သမ္မတထံ တင်ပြသွားဖို့ရှိတယ်လို့ ကရင်နီပြည် MATA အဖွဲ့က ခွန်အန်ဂျလိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up