ကေအိုင်အို လွတ်လပ်ရေး တောင်းခံမှု တရုတ်လက်မခံ
DVB
·
July 24, 2013
မြန်မာအစိုးရနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ရဲ့ လွတ်လပ်ရေးရဖို့ တောင်းခံမှုကို တရုတ်နိုင်ငံအနေနဲ့ လုံးဝ မထောက်ခံကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ General Fan Changlong က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တယ်လို့ ဒီကနေ့ထုတ် စစ်တပ်ပိုင် မြ၀တီ သတင်းစာက ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်း ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပက စွက်ဖက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ လုံးဝ လက်မခံနိုင်ဘူးလို့လည်း ကချင်နဲ့ ၀ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြဿနာကို ရည်ညွှန်းပြီး ပြောဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာ-တရုတ် နယ်စပ်မှာ အဖွဲ့အစည်း တချို့ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပေမယ့် မူးယစ်ဆေးဝါး လုပ်ကိုင်နေတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း ပြန်လှန်ပြောဆိုခဲ့ပါတယ်။