လီလီဂျိမ်းစ် ခေါင်းဆောင်ပါဝင်သည့် ဟောလိဝုဒ်လျှို့ဝှက်သည်းဖိုအချစ်ဒရာမာရုပ်ရှင်-Rebecca( နမူနာ)

ဟောလိဝုဒ်လျှို့ဝှက်သည်းဖိုအချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ Rebecca ကို Netflix မှာ အောက်တိုဘာ ၂၁ ရက်က စတင်ပြသနေပါတယ်။ ဒီကားကတော့ လွန်ခဲ့တဲ့ ၁၉၄၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့ပြီး အကောင်းဆုံးရုပ်ရှင် ဇာတ်ကားအော်စကာထူးချွန်ဆုနဲ့ အကောင်းဆုံး အဖြူအမည်းရုပ်ရှင်ဓာတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဇာတ်ကားကို အသစ်တဖန်ပြန်လည်ရိုက်ကူးထားတာပါ။ ဗြိတိန်ပြဇာတ်နဲ့ စာရေးဆရာမ Daphne du Maurier ရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိုက်တာ Alfred Hitchcock က ရိုက်ကူးပုံဖော်ထားခဲ့တဲ့ အရင်က ရုပ်ရှင်ကားထဲမှာတော့ ဝါရင့်ဟောလိဝုဒ်သရုပ်ဆောင်မင်းသား မင်းသမီးကြီးတွေ ဖြစ်ကြတဲ့ Laurence Olivier နဲ့ Joan Fontaine တို့က အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ လက်ထပ်ပြီးစ အမျိုးသမီးတယောက်ဟာ ခင်ပွန်းဖြစ်သူရဲ့ အိမ်ဆီ လိုက်လာခဲ့ပြီးနောက် အဲဒီအိမ်ထဲမှာ ထင်မှတ်မထားတဲ့ လျှို့ဝှက်ချက်တွေကို တွေ့ရှိလာရတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ရှုစားကြရမှာ ဖြစ်ပါတယ်။ အခုအသစ်ထွက် ရုပ်ရှင်ကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Ben Wheatley က ရိုက်ကူးထားပြီး ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့တဲ့ အချစ်ဇာတ်မြူးရုပ်ရှင်- Yesterday နဲ့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင်မင်းသမီး Lily James၊ The Social Network ရုပ်ရှင်စတား သရုပ်ဆောင်မင်းသား Armie Harmer တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြောစကား Dialog တွေ၊ ပြကွင်းပြကွက်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.8 အထိ ရရှိထားခဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းရုပ်ရှင်ရုံတွေကို ပိတ်ထားရတာကြောင့် ဒီဂျစ်တယ် Streaming အနေနဲ့ Netflix လို ပလက်ဖောင်းတွေက ရုံတင်ကားတွေကို ပြသလာကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up