ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်နေတာကြောင့် Stay at Home အမိန့် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ၄၄ မြို့နယ်မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။
ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး Stay at Home အမိန့် ထုတ်ထားတဲ့ ရန်ကုန်တိုင်းရှိ ၄၄ မြို့နယ်မှာ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် UNDP ကိုယ်စားလှယ်လောင်း ၁၂ ယောက်ကလက်မှတ်ထိုးကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ စာပေးပို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာလုံခြုံမှုနည်းပါးတဲ့ ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကျင်းပပါက အများပြည်သူတွေရဲ့ ကျန်းမာရေးအထူးစိုးရိမ်စရာဖြစ်နေတယ်လို့လည်း ကော်မရှင်ထံ ပေးပို့တဲ့စာမှာ ရေးသားဖော်ပြထားပါတယ်။
ကော်မရှင်ထံ စာရေးသားပေးပို့တဲ့ ကိုယ်စားလှယ်လောင်း ၁၂ ဦးထဲမှာ UNDP ပါတီ ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဒေးဗစ်လှမြင့်နဲ့ ကရင်တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်လောင်း နော်အုန်းလှတို့လည်းပါဝင်ပါတယ်။
UNDP ပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က “ကျနော်တို့စောင့်ကြည့်နေတယ်။ Home stay ဖျက်ပေးမှာလား၊ ရွေးကောက်ပွဲရွှေ့မှာလားပေါ့။ မနေ့ကအထိ UEC က ဘာမှမပြောပဲ ဒီတိုင်းထားထားတယ်။ ရွေးကောက်ပွဲအတွက် ကျနော်တို့ မဲဆွယ်စည်းရုံးရေးတွေ လုံးဝမဆင်းဘူး၊၊ အခုလို ကူးစက် ပျံ့ပွားမှုများနေတဲ့ကာလမှာ မိမိတို့ပါတီကို ထောက်ခံပါလို့ သွားပြောဖို့ မသင့်တော်ဘူး။ ပြည်သူတွေ စိုးရိမ်ပူပန်နေရချိန်မှာ ကြိုက်မှာလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲသည် ဒုတိယ၊ ပြည်သူတွေရဲ့ကျန်းမာရေးသည် ပထမ ပါ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ UNDP ပါတီကိုယ်စားလှယ်လောင်းတွေက တောင်းဆို တိုက်တွန်းနေပေမဲ့ ရွေးကောက်ပွဲကို ဘယ်အချိန်အထိ ရွေ့ဆိုင်းရမယ်၊ ကိုဗစ်-၁၉ ရောဂါ ဘယ်အချိန်မှာ လျော့နည်း ကင်းစင်သွားမယ်ဆိုတာနဲ့ပတ်သက်လို့တော့ ကော်မရှင်ထံပေးပို့တဲ့စာမှာ ဖော်ပြထားခြင်း မရှိပါဘူး။
UNDP ပါတီ ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၃ ဦး ဝင်ရောက်အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည် ပြုလူနာစုစုပေါင်း ၃၉,၆၉၆ ယောက်ရှိနေပြီး ရန်ကုန်တိုင်းမှာ အများဆုံးကူးစက်ခံနေရတာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင်တွေအတွက် မဲရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံတွေဆောင်ရွက်ပေးထားတဲ့ အကြောင်းနဲ့ မဲသွားပေးတာဟာ ဈေးကိုသွားတာနဲ့ ဘတ်စ်ကားစီးတာတွေထက် ပိုပြီး ဘေးကင်းလုံခြုံ စိတ်ချရတယ်လို့ ပြောထားပါတယ်။
သတင်း- နန်းစံပယ်