Home
မြန်မာသတင်း
မန္တလေး စျေးချိုရှိ ဆိုင်ခန်းပိုင်ရှင်များအား ကုန်ပစ္စည်းထုတ်ယူခွင့်ပြု  (ဓာတ်ပုံ)
DVB
·
October 21, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလ ယာယီပိတ်ထားတဲ့ မန္တလေး အဆင့်မြင့်စျေးချိုတော်နဲ့ တိုက်တန်းကြီးစျေးတွေရှိ ဆိုင်ခန်းတွေကနေ ကုန်ပစ္စည်းထုတ်ယူလိုတဲ့  ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့   အောက်တိုဘာ ၂၁ ရက်နဲ့  ၂၂ ရက်တို့မှာ  ထုတ်ယူနိုင်တယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့ထံက သိရပါတယ်။ သီတင်းကျွတ်လနဲ့ တန်ဆောင်တိုင်လတွေဟာ အရောင်းအဝယ်ကောင်းတဲ့ကာလဖြစ်ပြီး စျေးပိတ်ထားချိန်  အိမ်မှာ လက်ကျန်ကုန်စ္စည်းတွေ အမှာတင်ပို့ရောင်းချနေတဲ့ ဆိုင်ပိုင်ရှင်တွေ က ကုန်ပစ္စည်းပြန်ဖြည့်ဖို့အတွက် အောက်တိုဘာ ၁၄ ရက်က မန်းစည်ပင်ကို စာတင်ခဲ့တာကြောင့် အခုလို ထုတ်ယူခွင့်ရတာ ဖြစ်ပါတယ်။ အဆင့်မြင့်စျေးချိုတော်နဲ့ တိုက်တန်းကြီးစျေးများ စျေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက" စျေးချိုပိတ်တာ တစ်လကျော် ကြာပါပြီ၊ စျေးသည် ၂၀ ရာခိုင်နှုန်းလောက်က စျေးမပိတ်ခင် သူတို့ ကုန်ပစ္စည်း တချို့ကို အိမ်သယ်သွားပြီး အမှာတွေပို့ပေးကြတယ်၊ အခု ပစ္စည်းက လိုလာပြီး ဖြစ်တဲ့အတွက် ဖြည့်ဆည်းနိုင်ဖို့ တောင်းဆိုလာတာကို တင်ပြခဲ့တာ ထုတ်ယူခွင့်ရတာပါ " လို့  ပြောပါတယ်။ ကုန်ပစ္စည်းထုတ်ယူလိုတဲ့ ဆိုင်ခန်းရှင်တွေအနေနဲ့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ ထုတ်ယူခွင့်ပြုမှာဖြစ်ပါတယ်။ အောက်တိုဘာ ၂၁ ရက် မနက် ၈ နာရီ မှ ၁၂နာရီအတွင်း A စပယ်ရုံ၊ C သရဖီရုံ၊ E သဇင်ရုံ၊ G စကားဝါရုံ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ရုံတွေနဲ့ မြောက်ဘက်တိုက်တန်းကြီးဈေးရုံတို့ကို သယ်ယူခွင့်ပြုမှာပါ။  အောက်တိုဘာ ၂၂ ရက်  မနက် ၈ နာရီ မှ ၁၂ နာရီအတွင်း B နှင်းဆီရုံ၊ D ယုဇနရုံ၊ F ကံကော်ရုံ၊ H မြလေးရုံ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊ စက်လှေကားပတ်လည်ဆိုင်ခန်းတွေအားလုံးနဲ့ တောင်ဖက်တိုက်တန်းကြီးဈေးရုံတို့ကို သယ်ယူခွင့်ပြုမှာဖြစ်ပါတယ်။ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အောက်တိုဘာ ၂၂ ရက် နောက်ပိုင်းမှာလည်း လိုအပ်ချက်အရ ကုန်ပစ္စည်းထုတ်ယူလိုသူတွေ ရှိလာပါက မန်းစည်ပင်ကို တင်ပြညှိနှိုင်း သွားမယ်လို့ သိရပါတယ်။  စျေးကို လာရောက်ကြသူအားလုံးအနေနဲ့  Mask ကို စနစ်တကျတပ်ဆင်ရမှာဖြစ်သလို Face Shield မျက်နှာကာတွေလည်း တပ်ဆင်လာကြဖို့ စည်းကမ်းထုတ်ထားပါတယ်။  ဒါ့အပြင် သက်ဆိုင်ရာ ဈေးရုံကိုယ်စားလှယ်တွေက  စိစစ်ခွင့်ပြုကာ လူဦးရေစာရင်းအတိုင်း ထုတ်ပေးထားတဲ့  လည်ဆွဲကတ်ပြား(အပြာရောင်) တွေကို ဝတ်ဆင်လာရမှာ ဖြစ်ပြီး လည်ဆွဲကတ်မပါပါက ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။   သတင်း- သော်တာ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024