အေဂျက်ဇ်နှင့် ကစားမည့် လီဗာပူးအသင်းတွင် အယ်ကန်တာရာနှင့် မာတစ်တို့ မပါဝင်

233
ဟော်လန်ကလပ်အေဂျက်ဇ်နဲ့ ကစားမယ့် လီဗာပူးအသင်းမှာ ကွင်းလယ်လူ အယ်ကန်တာရာနဲ့ နောက်ခံလူ မာတစ်တို့ လွဲချော်မယ်လို့ သိရပါတယ်။
မာတစ် မပါဝင်နိုင်တာက အဓိကနောက်ခံလူ ဗန်ဒိုက် အနားယူနေရတဲ့ လီဗာပူးအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး ကွင်းလယ်လူ ဖာဘင်ညိုကို ခံစစ်မှူးနေရာထား ကစားရဖို့ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်ကနေ ပေါင်သန်း ၂၀ နဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အယ်ကန်တာရာ ကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကနေ ပြန်လည်သက်သာလာခဲ့ပြီး အဲဗာတန်နဲ့ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့ပေမယ့် ချန်ပီယံလိဂ် ကစားမယ့် အေဂျက်ဇ်နဲ့ ပွဲလူစာရင်းမှာ ပါဝင်လာခြင်း မရှိခဲ့တာပါ။
အလားတူ ဘရာဇီးဂိုးသမား အလစ်ဆန်ဘက်ကာဟာလည်း ပခုံးဒဏ်ရာအခြေအနေ သက်သာလာခဲ့ပေမယ့် အေဂျက်ဇ်နဲ့ပွဲမှာ အရေးတကြီး အသုံးပြုမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။
လီဗာပူးအသင်းဟာ အေဂျက်ဇ်၊ အက်တလန်တာ၊ မက်ဂျီလန်းတို့နဲ့ အုပ်စု D မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။